သြစတြေးလျရဲ နှင့် အက်ဖ်ဘီအိုင် ပူးပေါင်းပြီး မူးယစ်ဂိုဏ်းကို ဖမ်းဆီး (ရုပ်သံ)

သြစတြေးလျရဲတပ်ဖွဲ့နဲ့ အမေရိကန် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့တို့ပူးပေါင်းပြီး သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်မှာ အဖွဲ့ဝင် ၅ ဦးပါ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတဂိုဏ်းကို စက်တင်ဘာ ၁၀ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူ ၅ ဦးမှာ တဦးဟာ ကျော်ကြားသူ ဂီတအရောင်းမြှင့်တင်ရေး လုပ်ငန်းရှင်တဦးလည်းပါဝင်ပြီး မူးယစ်ဆေးဝါးမှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ရတဲ့ငွေတွေကို လောင်းကစားငွေနဲ့ ခ၀ါချမှု၊ ရာဇ၀တ်ဂိုဏ်းမှာ ပါဝင်ပတ်သက်မှုတွေနဲ့လည်း သူတို့ကို စွဲချက်တင်ထားပါတယ်။ ၂၀၁၁ ခုနှစ်က ဆစ်ဒနီမြို့ဟိုတယ်တခုမှာ အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး တွေ့ရှိမှုနဲ့ အမှုကို စတင်စုံစမ်းခဲ့တာပါ။ သြစတြေးလျ ဂီတအရောင်းမြှင့်တင်ရေးလုပ်ငန်းရှင် အန်ဒရူး မက်ခ်မားနတ်စ် Andrew McManus အပါအ၀င် ဂိုဏ်းဝင် ၄ ဦးကို သြစတြေးလျနိုင်ငံမှာ ဖမ်းဆီးရမိပြီး ၅ ဦးမြောက် စီးပွားရေးလုပ်ငန်းရှင်တဦးကိုတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ အမေရိကန်နိုင်ငံမှာ ဖမ်းဆီးရမိတဲ့သူကိုလည်း ငွေကြေးခ၀ါချမှု၊ ရာဇ၀တ်မှုကနေ ထွက်ပြေးတိမ်းရှောင်မှု၊ တရားမ၀င်ဆေးဝါးတွေအများအပြားတင်ပို့မှုတွေနဲ့ သူ့ကို  သြစတြေးလျနိုင်ငံ ပြန်လည်လွှဲပြောင်းပေးဖို့ သြစတြေးလျရဲတပ်ဖွဲ့က လိုလားနေတာပါ။ သြစတြေးလျ ဂီတအရောင်းမြှင့်တင်ရေးစီးပွားရေးလုပ်ငန်းရှင် မက်ခ်မားနတ်စ် McManus  ကတော့ သူ့အပေါ်စွပ်စွဲမှုတွေကို အစွမ်းကုန်ခုခံကာကွယ်သွားမယ်လို့ သူ့ရဲ့ရှေ့နေက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up