အာဇာနည်နေ့အခမ်းအနား အဖွဲ့ချုပ် စည်ကားစွာ ကျင်းပမည်
DVB
·
June 21, 2011
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အုတ်လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ရှိနေပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး အပြီးမှာ အခုလို ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။
အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က “ဒီနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပပါတယ်။ အဲဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဒီနှစ်ကျရောက်မယ့် ရှေ့လထဲမှာ ကျရောက်မယ့် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပမယ်လို့ ဆုံးဖြတ်ပါတယ်။ အသေးစိတ် အစီအစဉ်တွေကတော့ မလုပ်ရသေးပါဘူး။ သီးခြား ဘာမှပြောတာ မရှိပါဘူး။ အာဇာနည်နေ့ကို အားလုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တညီတညွတ်တည်းပဲ ဆုံးဖြတ်ပါတယ်။ အာဇာနည်နေ့ကို ဒီနှစ်အာဇာနည်နေ့ကို ခမ်းနားစွာကျင်းပသွားမယ် ဒါပါပဲ” လို့ ပြောပါတယ်။
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့ရတဲ့ နှစ်ပတ်လည်အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့က တလလောက်ကြိုတင်ပြီး အခုလိုကျင်းပဖို့ ပြင်ဆင်နေပေမယ့်လည်း မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ နဝတနဲ့ နအဖစစ်အစိုးရလက်တွေမှာတော့ အာဇာနည်နေ့ အခမ်းအနားတွေကို မှေးမှိန်အောင် နိုင်ငံတော်အဆင့်အနေနဲ့ မကျင်းပတော့တာ နှစ် ၂၀ ကျော် ကြာမြင့်နေပြီပါတယ်။
နောက်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာတော့ နိုင်ငံရေးပါတီ ထူထောင်ခွင့်တွေကို အစိုးရက ခွင့်ပြုအပြီးမှာတော့ ပါတီခေါင်းဆောင်တွေကို အာဇာနည်ကုန်မှာ လာရောက်ဂါရဝ ပြုခွင့်ပြန်ပေးခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရအဖြစ် ပြောင်းလဲကျင့်သုံးလာတယ်ဆိုတဲ့ နအဖကောင်စီဝင် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်စိန် လက်ထက် ပထမဆုံးမြင်တွေ့ရမယ့် အာဇာနည်နေ့အခမ်းအနားကို အစိုးရအဖွဲ့က ဘယ်လို ဘယ်ပုံ ကျင်းပပြုလုပ်မယ် ဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။