အိပ်ခ်ျအိုင်ဗွီ ပိုးတွေ့ရှိသူ မန္တလေးမြို့တွင် ၁ လလျှင် လူ ၁၀၀ ခန့်ရှိနေ

2.8K
မန္တလေးမြို့မှာ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရပြီး ပိုးတွေ့ရှိသူတွေ၊ အေအာတီဆေး သောက်ဖို့ လိုအပ်နေသူတွေ၊ ဆေးရရှိသူတွေ နေ့စဉ် တိုးလာနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
“မန္တလေးမှာ ၁ ပတ်ကို လူနာအသစ် ၂၀ ကျော်လောက်ရှိတယ်။ ၁ လဆိုရင်တော့ ၁၀၀ ၀န်းကျင်လောက်ရှိတယ်။ လူလတ်ပိုင်းမှာ အများဆုံးတွေ့ရတယ်။ အခြေခံ လူတန်းစားတွေမှာတော့ ပိုတွေ့ရပါတယ်” လို့ Myanmar Positive Group ရဲ့ ဒုတိယဥက္ကဋ္ဌ စိုင်းဟတ်ခေးက ပြောပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ၉၀၀၀ ၀န်းကျင် ရှိခဲ့ပါတယ်။
မန္တလေးမြို့က ဆေးရုံကြီးမှာ အေအာတီဆေးလာယူသူက ၁ ရက်ကို ၅၀ အထက်မှာရှိပြီး လူသစ်က ၁၅ ယောက် ၀န်းကျင် ရှိနေတာပါ။
“ကျနော်တို့ လုပ်အားပေးရင်းတွေ့ရတာက ဆေးလာတန်းစီတဲ့ လူသစ် ၁ ရက်ကို ၁၀ ယောက်၊ ၁၅ ယောက်ဝန်းကျင်မှာ တွေ့ရတယ်” လို့ Myanmar Positive Group က အကြံပေးပုဂ္ဂိုလ် ကိုဗညားဦးက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ မန္တလေးတိုင်းမှာ အေအာတီဆေးသောက်နေသူ နှစ်သောင်းဝန်းကျင် ရှိတာပါ။
ကမ္ဘာမှာ အေအိုင်ဒီအက်စ် ဝေဒနာကို လုံးဝပျောက်ကင်းအောင်ကုသစရာ ဆေးမရှိသေးပေမယ့် ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။
“သွေးမြန်မြန်စစ်ပါ။ ပိုးတွေ့ရင် ဆေးမြန်မြန်သောက်လို့ရတယ်။ အဲဒါဆိုရင် သာမန်လူတယောက်လိုပဲ သက်တမ်းစေ့နေနိုင်တာပေါ့။ ကျနော်တို့ကြိုးစားနေတာကလည်း လူများများကို သွေးစစ်နိုင်ဖို့ပါ” လို့ အထက်မြန်မာပြည် ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံကိန်း တာဝန်ခံဆရာဝန်ကြီး ဒေါက်တာသန်းဝင်းက ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီရောဂါအတွက် အေအာတီဆေးတွေကို နိုင်ငံတကာ အကူအညီကြောင့် လုံလုံလောက်လောက်နီးပါး ရရှိနေပေမယ့် ပညာပေး တာကတော့ လျော့နည်းလာတယ်လို့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ပတ်သက်ပြီး ကူညီလှုပ်ရှားနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ ၂ သိန်း ၁ သောင်းကျော်ရှိပြီး အေအာတီဆေးရရှိထားသူကတော့ ၈ သောင်းခွဲကျော် ရှိပါတယ်။