A d v e r t i s e m e n t With Us

အင်းဝခေတ်ဘုရား စိန်ဖူးတော် ပျောက်ရှလုနီး

အနှစ် ၃၀၀ နီး​ပါး​သက်တမ်း​ရှိပြီဖြစ်တဲ့​ အင်း​ဝမြို့​​ဟောင်း​ ​ရှေး​ဟောင်း​အထင်ကရ မဟာ​လောကသရဖူဘုရား​ကြီး​ရဲ့​ စိန်ဖူး​တော်ကြီး​ ပြန်လည်​ရောက်ရှိ​ရေး​ကိစ္စမှာ မြို့​နယ်ဥက္ကဋ္ဌက ကတိပြုထား​တဲ့​ ရက်ထက် (၃) ရက်​ကျော်တဲ့​တိုင် ပြန်မ​ရောက်လာ​သေး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ မန္တတ​လေး​တိုင်း​ တံတား​ဦး​မြို့​နယ် မီး​သွေး​တိုက်​ကျေး​ရွာအုပ်စု ဆင်ကျုံး​ကျေး​ရွာမှာ တည်ထား​ကိုး​ကွယ်​နေတဲ့​ မဟာ​လောကသရဖူဘုရား​ကြီး​ရဲ့​ စိန်ဖူး​တော်ကြီး​ကို ရန်ကုန်မြို့​က ​ဒေါ်သင်း​သင်း​လှဆိုသူ ကုမ္ပဏီပိုင်ရှင် အမျိုး​သမီး​တဦး​က ဗိုလ်မှူး​တဦး​ရဲ့​ အမည်ကို အကာကွယ်သုံး​ပြီး​ ပင့်​ဆောင်ထား​ရာက​နေ ပြန်မ​ရောက်​သေး​တာပါ။ ဒီစိန်ဖူး​တော်ကြီး​ကို ဆင်ကျုံး​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နဲ့​ ကိုရင်ကြီး​စန္ဒာသီရိတို့​က လက်လွှဲ​ပေး​အပ်လိုက်တာလို့​ ရွာသား​တွေက ​ပြောဆိုပါတယ်။ ဒီစိန်ဖူး​တော်ကြီး​ဟာ သိန်း​ထောင်​ပေါင်း​များ​စွာ တန်ဖိုး​ရှိနိုင်တယ်လို့​ ​ဒေသခံ​တွေက ခန့်​မှန်း​နေကြပြီး​ အစစ်နဲ့​အတု လဲလှယ်မှာကို စိုး​ရိမ်​နေကြပါတယ်။ “ဒီစိန်ဖူး​တော်နဲ့​ ပတ်သက်လို့​ကလည်း​ပဲ ​ရှေး​ဘုရား​ကြီး​ဖြစ်တဲ့​အတွက် ဒါကြီး​က တန်ဖိုး​ရှိတဲ့​ပစ္စည်း​။ ကာလတန်​ကြေး​က ဒီစိန်ဖူး​ကြီး​က သိန်း​ ၄ ​ထောင်​လောက် တန်တယ်လို့​ ကျ​နော်တို့​ ကြား​သိရတယ်ခင်ဗျ။ အရန်စိန်ဖူး​လေး​တွေကလည်း​ ၁၀ လုံး​ပါတယ်ခင်ဗျ။ အကုန်လုံး​မသွား​တာခင်ဗျ။ ​နောက် ၇ ​ပေရှိတဲ့​ နဂါး​ကြီး​ကလည်း​ မ​ရောက်​သေး​ဘူး​။ သူတို့​ ​ရောက်မယ်ဆိုပြီး​တော့​မှ အဲဒီ နဂါး​ကြီး​တ​ကောင်လည်း​ ယူသွား​တယ်။ ဒါကြီး​က တန်ခိုး​ကြီး​ ဘုရား​လည်း​ ဖြစ်တယ်​ပေါ့​ဗျာ။ ရုတ်ရုတ်ဖြစ်မှာလည်း​ သူတို့​ ​ကြောက်တယ်နဲ့​ တူတယ်ခင်ဗျ။ လုပ်တဲ့​ ပုဂ္ဂိုလ်​တွေကလည်း​ပဲ သူ​ဌေး​တွေ ကုမ္ပဏီ​တွေက ဖြစ်​နေတယ်ခင်ဗျ။ ​ပြောမယ်ဆိုလို့​ရှိရင်​တော့​ အကြီး​ကြီး​တွေ လုပ်ထား​တဲ့​ ပုဂ္ဂိုလ်ဆို​တော့​ သူတို့​ ​နောက်က​နေပြီး​တော့​မှ လုပ်ရတာ ​တော်​တော်ကျပ်​နေ​လောက်တယ်။” ဒီလ ၁၄ ရက်​နေ့​ခင်း​မှာ ရွာသား​တွေကို တံတား​ဦး​မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ ဦးဇော်မင်း​က ​တွေ့​ဆုံပြီး​ သုံး​ရက်အတွင်း​ ပြန်​ရောက်ပါမယ်လို့​ ကတိ​ပေး​သွား​ပြီး​ ခုထိ ပြန်မ​ရောက်​သေး​ဘူး​လို့​ ​စောင့်​ကြည့်​သူ ​ဒေသခံတဦး​က ​ပြောပါတယ်။ “ဦး​ဇော်မင်း​က​နေပြီး​တော့​ ကျ​နော်တို့​ ဆင်ကျုံး​ကျေး​ရွာမှာ လာပြီး​တော့​မှ နှစ်သိမ့်​သွား​တယ်။ ​ကျေး​ရွာသူ ​ကျေး​ရွာသား​တွေတဲ့​ ဒီ ​ကောလာဟလ သတင်း​တွေ မယုံကြည်ဖို့​။ ဒီ စိန်ဖူး​ကြီး​လည်း​ပဲ မကြာခင် ပြန်​ရောက်​တော့​မှာပါလို့​ အာမ လာခံသွား​တယ်၊​ စိန်ဖူး​ကြီး​က အခုအချိန်ထိ​အောင် မ​ရောက်​သေး​ဘူး​။ ဒါ​ပေမယ့်​ သူက စိန်ဖူး​ကြီး​ တင်ဖို့​အတွက် ကြိုး​တွေ ပန်း​ပုခက်​တွေ​တော့​ သူတို့​ လုပ်ထား​တယ်​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ စိန်ဖူး​ကြီး​က အခုအချိန်ထိ​အောင် မ​ရောက်​သေး​ဘူး​။” ဘုရား​ထီး​တော်ကို ဒီပါ​အေး​မြဆရာ​တော်ဘုရား​ကြီး​ (ပျံလွန်အနိစ္စ​ရောက်) က တင်လှူထား​ခဲ့​တာ​ကြောင့်​ ​မြေခမယ်ဆိုရင် ဒီပါ​အေး​မြဆရာ​တော်ဘုရား​ကြီး​ရဲ့​ တပည့်​တွေကို အသိ​ပေး​အ​ကြောင်း​ကြား​ ပင့်​ဆောင်ရမှာ ဖြစ်ပါတယ်။ အခု​တော့​ ဘာမှ အသိ​ပေး​တာမရှိဘဲ ပင့်​ဆောင်သွား​တာလို့​ ဆိုပါတယ်။ မဟာ​လောကသရဖူ ဘုရား​ကြီး​ကို ၁၀၉၂ ခုနှစ် ရှင်ဖြူရှင် တနင်္ဂ​နွေမင်း​ကြီး​ တည်ထား​ကိုး​ကွယ်ခဲ့​တာဖြစ်ပြီး​ ဘုရင်​ခေတ်မှာ ငလျင်ဒဏ်​ကြောင့်​ အကြိမ်ကြိမ်ပြုပြင်ခဲ့​ပါတယ်။ ၁၃၄၂ ခုနှစ်မှာ စစ်ကိုင်း​မြို့​ ဒီပါ​အေး​မြ ဆရာ​တော်ဘုရား​ကြီး​က ဆက်ပြီး​ ထီး​တော်ကြီး​ တင်လှူခဲ့​ပါတယ်။ ဒီနှစ် ဧပြီလ (၄) ရက်​နေ့​မှာ ထီး​တော်ကြီး​ပြုပြင်ဖို့​ ငြမ်း​ဆင်၊​ ပဋ္ဌာန်း​ရက်ဆက် ပူ​ဇော်ပြီး​ ဧပြီလ ၁၁ ရက်​နေ့​မှာ ထီး​တော်ကြီး​ကို ကိုရင် စန္ဒာသီရိ၊​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​၊​ ​ရှေး​ဟောင်း​ယဉ်​ကျေး​မှု၊​ မြို့​နယ်သံဃနာယကအဖွဲ့​၊​ မြို့​နယ်သာသနာ​ရေး​ဦး​စီး​ဌာန၊​ ​ဂေါပကအဖွဲ့​၊​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တို့​က ထီး​တော်ကြီး​ကို ​မြေခခဲ့​ပါတယ်။ သင်္ကြန်အပြီး​ ဆယ်ရက်အကြာမှာ (၇) ​ပေခန့်​ နဂါး​ကြီး​တ​ကောင်နဲ့​ စိန်ဖူး​တော်ကြီး​ကို ဗိုလ်မှူး​တဦး​ အမည်ခံယူပြီး​ ပင့်​ဆောင်သွား​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up