ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်

938
ပရီးမီးယားလိဂ် ၅ ပွဲမြောက်ပွဲစဉ်တွေကို စက်တင်ဘာ ၁၂-၁၃ ရက်နေ့တွေ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၂ ရက်မှာ ၇ ပွဲနဲ့ ၁၃ မှာ ၂ ပွဲကစားမှာ ဖြစ်ပါတယ်။
ဒီတပတ်ကစားမယ့်ပွဲစဉ်တွေမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး၊ ချဲလ်ဆီးနဲ့ အဲဗာတန်တို့ ပွဲစဉ်တွေကတော့ လူအများ စိတ်ဝင်စားမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။
ဒီအထဲမှာတော့ သူရဲနီနဲ့ ကြိုးကြာနီတွေရဲ့ ပွဲစဉ်ကတော့ အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းမယ့် ပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။
ဒီတပတ် ကစားမယ့်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်အသင်းတွေနိုင်မယ်၊ သရေကျမယ်၊ ရှုံးမယ်ဆိုတဲ့ ဘောလုံးအားကစား ကျွမ်းကျင်သူတွေ ကလောင်ရှင်တွေရဲ့ ခန့်မှန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။
မန်ယူ-လီဗာပူး
ဒီတပတ်အတွက် ဘောလုံးပရိသတ်အများစု စိတ်ဝင်စားမယ့် ပွဲတပွဲဆိုရင်တော့ မမှားပါဘူး။ အမှတ်ပေးဇယားမှာတော့ မန်ယူက နံပါတ် ၅ နေရာမှာ ရပ်တည်နေပြီးတော့ လီဗာပူးကတော့ ၇ မှာ ရပ်တည်နေပါတယ်။ မန်ယူနဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ၄ ပွဲ ရလဒ်က တူညီနေပါတယ်။ ၂ သင်းလုံး ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ပွဲရှုံးထားပါတယ်။ နောက်ဆုံး ဆုံတွေ့စဉ်ကတော့ မန်ယူက ၂ ဂိုး ၁ဂိုးနဲ့ လီဗာပူးကို နိုင်ထားတာဖြစ်ပါတယ်။ လီဗာပူးနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ၈ ပွဲမှာ မန်ယူက ၇ ပွဲအထိ အနိုင်ရထားပါတယ်။ ၂၀၀၀ ပြည့်နှစ်ကတည်းက အိုးထရက်ဖိုဒ်မှာ ဒီ၂ သင်းကစားတိုင်း သရေဆိုတာ မရှိခဲ့ဖူးပါဘူး။
ဘောလုံးပွဲသုံးသပ်ခန့်မှန်းသူတွေကတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းကြီး ၂ သင်းတွေ့ကြတဲ့ ပွဲဖြစ်တဲ့အတွက် ခက်ခဲတဲ့ ပွဲစဉ်တခု ဖြစ်မယ်လို့ ဆိုပါတယ်။ ဘီဘီစီ အားကစားကလောင်ရှင် လော်ရိုနဲ့ စကိုင်းစပေါ့က ပေါလ်မာဆန်တို့က သရေကျသွားမယ့်ပွဲလို့ ခန့်မှန်းထားပါတယ်။
ချဲလ်ဆီး-အဲဗာတန်
ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ် ပွဲ ၄ ပွဲကစားခဲ့အပြီးမှာတော့ ၁ ပွဲနိုင် ၁ ပွဲ သရေနဲ့ ၂ ပွဲရှုံးထားပါတယ်။ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး အသင်း ရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲဗာတန်ကတော့ ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ ဒီအခြေအနေကို ကြည့်ရင်တော့ အဲဗာတန်အသင်းက ချဲလ်ဆီးထက် ခြေငြိမ်နေတာကို တွေ့ရပါတယ်။ ချဲလ်ဆီးက ၃ ဂိုး ဂိုးမရှိ၊ အဲဗာတန်က ၂ ဂိုးဂိုးမရှိနဲ့ ဒီ ၂ သင်းလုံးက မန်စီးတီးကို ရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ချဲလ်ဆီးက အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ ဒီပွဲကတော့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားနံပါတ် ၉ မှာ ရပ်တည်နေတဲ့ အဲဗာတန်နဲ့ နံပါတ် ၁၃ မှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းတို့ ကစားရမှာ ဖြစ်ပါတယ်။
လော်ရိုကတော့ ချဲလ်ဆီးအသင်းက ဒီနှစ်ရာသီမှာ အထနှေးနေပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည် လျော့ကျနေပေမယ့် အနိုင်ရသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ပေါလ်မာဆင်ကည်း ချဲလ်ဆီး အနိုင်ရမယ်လို့ ဆိုပါတယ်။
အာဆင်နယ်- စတုတ်
အာဆင်နယ်ကတော့ ဒီနှစ်ဘောလုံးရာသီ ၄ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ စတုတ်ကစားတဲ့ပွဲ ၄ ပွဲမှာ ၃ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၂ သင်း ရပ်တည်မှုကတော့ တော်တော်ကို ကွာနေပါတယ်။ အာဆင်နယ်က နံပါတ် ၆ နေရာမှာ ရပ်တည်နေသလို စတုတ်ကတော့ နံပါတ် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲမှာလည်း အာဆင်နယ်က စတုတ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ လော်ရိုက စတုတ်ဟာ နိုင်ပွဲမရသေးတဲ့အတွက် အာဆင်နယ်က အိမ်ကွင်းမှာ အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်။ စကိုင်း စပေါ့က မာဆင်ကလည်း အာဆင်နယ် နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။
ခရစ္စတယ်ပဲလေ့စ်-မန်စီးတီး
မန်ယူ လီဗာပူးပွဲနဲ့ ယှဉ်လိုက်ရင်တော့ လူစိတ်ဝင်စားမှုနည်းနိုင်ပေမယ့် အမှတ်ပေး ဇယား နံပါတ် ၁ နဲ့ ၂ နေရာမှာ ရပ်တည်နေတဲ့ အသင်းတို့ ကစားမယ့်ပွဲ ဖြစ်ပါတယ်။ မန်စီးတီးက တပွဲကို ၂ ဂိုးနှုန်းသွင်းထားသလို ၄ ပွဲကစား ၄ ပွဲနိုင်နဲ့ ရှုံးပွဲမရှိသေးပါဘူး။ ပဲလေ့စ်ရဲ့ ဂိုးသွင်းအားကလည်း ဆိုးဆိုးဝါးဝါး မဟုတ်သလို ၄ ပွဲကစား ၃ ပွဲနိုင်ထားပြီး အာဆင်နယ်ကို ရှုံးထားပါတယ်။ ဘောလုံးပွဲကို ခန့်မှန်းတဲ့သူ အများစုကတော့ မန်စီးတီးကို အနိုင်ပေးထားပါတယ်။
နောဝစ် - ဘုန်းမောက်
အသင်းငယ် ၂ သင်း ယှဉ်ပြိုင်ကစားကြမယ့်ပွဲစဉ်တခုလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ နံပါတ် ၁၄ နဲ့ နံပါတ် ၁၁ နေရာ ရပ်တည်နေတဲ့ အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ဘုန်းမောက်ရော နောဝစ်ပါ ၄ ပွဲမှာ ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲသရေကျထားပါတယ်။ နောက်ဆုံးဆုံတွေစဉ်က နောဝစ်က ၂ ဂိုး ၁ ဂိုးနဲ့ ဘုန်းမောက်ကို အနိုင်ရထားပါတယ်။ လော်ရိုက နောဝစ်နိုင်မယ်လို့ ခန့်မှန်းပေမယ့် မာဆင်ကတော့ သရေလို့ ခန့်မှန်းထားပါတယ်။
ဝတ်ဖိုဒ့်-ဆွမ်ဆီး
ဒီ၂ သင်းရဲ့ အမှတ်ပေးဇယား ရပ်တည်မှုကတော့ တော်တော်လေးကွာနေပါတယ်။ ၀တ်ဖိုဒ့်က နံပါတ် ၁၇ မှာ ရပ်တည်နေသလို ဆွမ်ဆီးကတော့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ဆွမ်ဆီးက ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးပါဘူး။ ဆွမ်ဆီးအနိုင်ယူထားတဲ့ အသင်းတွေထဲမှာ မန်ယူလည်း ပါနေသလို ချဲလ်ဆီးကို သရေကစားထားတာ ဖြစ်ပါတယ်။ ၀တ်ဖိုဒ့်ကတော့ ၃ ပွဲသရေကျ ၁ ပွဲရှုံးပြီး နိုင်ပွဲမရှိသေးပါဘူး။ လော်ရိုက သရေကျမယ်မှန်းပေမယ့် မာဆင်က ဆွမ်ဆီးကို အနိုင်ပေးထားပါတယ်။
ဝက်စ်ဘရွန်း- ဆောက်သမ်တန်
ဘောလုံးပွဲခန့်မှန်းသူတွေက ဇယား နံပါတ် ၁၅ ၀က်စ်ဘရွန်းနဲ့ နံပါတ် ၁၀ ဆောက်သမ်တန်တို့ ပွဲကို သရေကျမယ်လို့ မှန်းပါတယ်။ ၀က်စ်ဘရွန်းကတော့ ၄ ပွဲကစားရာမှာ ၁ ပွဲနိုင် ၁ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။ ဆောက်သမ်တန်ကတော့ ၄ ပွဲကစားရာမှာ ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ တပွဲရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ ၀က်စ်ဘရွန်းက အနိုင်ရထားပါတယ်။
ဆန်းဒါးလန်း-တော့တင်ဟမ်
လက်ရှိ အမှတ်ပေးဇယား နံပါတ် ၁၆ နဲ့ အောက်ဆုံး နံပါတ် ၂၀ မှာ ရပ်တည်နေတဲ့ အသင်းတို့ကစားမယ့်ပွဲဖြစ်ပါတယ်။ တော့တင်ဟမ်ရော ဆန်းဒါးလန်းပါ နိုင်ပွဲမရသေးပါဘူး။ တော့တင်ဟမ်ကတော့ ၃ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ ဆန်းဒါးလင်းကတော့ ၂ ပွဲသရေ ၂ပွဲရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ တော့တင်ဟမ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ မာဆင်ကတော့ တော့တင်ဟမ်ကို အနိုင်ပေးထားပေမယ့် လော်ရိုကတော့ သရေကျမယ်လို့ မှန်းပါတယ်။
လက်စတာ-အက်စ်တွန်ဗီလာ
ခြေစွမ်းတက်နေတဲ့ ဇယား နံပါတ် ၃ က လက်စတာနဲ့ နံပါတ် ၁၂ အက်စ်တွန်ဗီလာတို့ ကစားမယ့် ပွဲဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ ဗီလာက အနိုင်ရထားပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ လက်စတာက ၂ ပွဲနိုင် ၂ ပွဲသရေကစားထားပါတယ်။ ဗီလာကတော့ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲရှုံးထားပါတယ်။ မာဆင်က သရေကျမယ်လို့ မှန်းပါတယ်။ လော်ရိုက်တော့ လက်စတာကို အနိုင်ပေးထားပါတယ်။