A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကိစ္စဖြင့် စည်းရုံးမဲဆွယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၀ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့ လူထုဟောပြောပွဲမှာ အပစ်အပစ်အခတ်ရပ်စဲရေးကိစ္စ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ပါတီမူဝါဒတွေကို ထည့်သွင်းပြောကြားပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲပေးဖို့ မဲဆွယ်စည်းရုံးပါတယ်။ ရွေးကောက်ပွဲရအနိုင်ရပါတီ အစိုးရဖွဲ့နိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးဆောင်ခွင့်ရမှာဖြစ်ကြောင်းနဲ့ ဒီတာဝန်ကို ထမ်းနိုင်ဖို့ မဲပေးကြဖို့သူက ပန်ကြားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးချင်းကို မကြည့်ဘဲ ပါတီကို မဲပေးဖို့ တိုက်တွန်းရတာဟာ အစိုးရဖွဲ့နိုင်မှ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ကြောင်း သူက ရှင်းလင်းခဲ့ပါတယ်။ နိုင်ငံတ၀န်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဲဆန္ဒနယ်တိုင်းနီးပါးမှာ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတပုံဟာ ရွေးကောက်ပွဲမ၀င်ဘဲ အလိုအလျောက် တက်ရောက်မယ့် တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတ၀န်းယှဉ်ပြိုင်ရာမှာ ကျန်ရှိတဲ့ လေးပုံသုံးပုံထဲက အများစုအနိုင်ရရှိပြီး အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံဟာ အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ဆိုလို့ရှိရင် အစိုးရဘက်က အပြောင်းအလဲတွေ လိုသလို ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးလည်း လိုပါတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာလည်း နောက်ဆုံးကျတော့ အစိုးရမှာ အင်မတန်မှ တာဝန်ရှိပါတယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်းပဲ  အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေကြတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ပထမတဆင့်ပဲဖြစ်ပါတယ်။ တယောက်နဲ့တယောက် ပစ်တာ၊ ခတ်တာ ရပ်သွားတယ်ဆိုတော့ ကျမတို့ရဲ့ ပြည်သူတွေအတွက် အများကြီးသက်သာပါတယ်။ ဒါပေမယ့် အဲဒါ ပထမတဆင့်ပါပဲ။ အပစ်အခတ်ရပ်စဲရေးစာချုပ်များဆိုတာဟာ ခိုင်မြဲဖို့၊ ကြာကြာခံဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တချို့ကျတော့ တချို့စာချုပ်တွေဆိုရင် ဒါ ကျမတို့နိုင်ငံမှာတင်မဟုတ်ပါဘူး ကမ္ဘာတ၀န်းမှာ ကြည့်လိုက်လို့ရှိရင်၊ ကမ္ဘာတ၀န်းမှာ ဒီပဋိပက္ခတွေဖြစ်ပြီးတဲ့အခါမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ လက်မှတ်ထိုးပြီးတော့ မကြာခင် ဒီသဘောတူညီချက်တွေ ပြိုသွားတာလည်း တွေ့ရပါတယ်။ ဒီတော့ ရေရှည်ခံမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု အမြန်ဆုံးပေါ်ထွက်လာဖို့အတွက် ကျမတို့အားလုံးမျှော်လင့်ပါတယ်။ ဒါနဲ့မပြီးသေးဘူး၊ အဲဒါပြီးမှ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ရမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ကျမတို့နိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရအောင်လို့ လမ်းခင်းပေးမယ့် ဆွေးနွေးပွဲတွေ ဖြစ်ရပါလိမ့်မယ်။ အခု အပစ်အခတ်ရပ်စဲရေးကို မကြာခင်လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဘယ်လောက်ပဲမြန်မြန် လက်မှတ်ထိုးနိုင်၊ လက်မှတ်ထိုးနိုင် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးတဲ့အခါမှာ နောက် ဆက်လုပ်ရမယ့်ကိစ္စကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလုပ်ရမှာက နောက်အစိုးရပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာ အချိန်ယူရပါတယ်။ ၃၊ ၄၊ ၅ ပတ်နဲ့လည်း မပြီးပါဘူး။ ခပ်တိုတိုပြောရရင် ရွေးကောက်ပွဲမတိုင်မီလည်း ပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကနေ ပြည်သူလူထု တင်မြှောက်လိုက်တဲ့ အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးဆောင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ မဲထည့်တဲ့အခါမှာ ဒီကိစ္စကို သေသေချာချာစဉ်းစားပြီးတော့ ထည့်စေချင်ပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ် စဖွဲ့ကတည်းက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် ဆောင်ရွက်မယ်ဆိုပြီးတော့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါတယ်။ အဲဒီရပ်တည်ချက်ကလည်း တခါမှ မယိမ်းယိုင်ခဲ့ပါဘူး။ ကျမတို့ရဲ့သမိုင်းကို ပြန်ကြည့်ပါ။ ကျမတို့ဟာ အစစ်ဆေးခံရဲပါတယ်။ ၁၉၈၈ ကနေပြီးတော့ အခုထိ ကျမတို့ ဘယ်တုန်းကမှ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့မူကို လက်မလွှတ်ခဲ့ပါဘူး။ တချိန်တခါတုန်းကဆိုလို့ရှိရင် ဖက်ဒရယ်ဆိုတဲ့စကားကို ပြောလို့ရှိရင် ဥပဒေအရ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေတောင်မှ ကျမတို့ခံခဲ့ရပါတယ်။ သို့သော်ငြားလည်း ကျမတို့ လုံးဝ မတွန့်ဆုတ်ခဲ့ပါဘူး။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားများအကြားမှာ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် အားပေးအထောက်အကူဖြစ်မယ့်စနစ်တခုဖြစ်တယ်ဆိုပြီးတော့ ကျမတို့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုလို့ရှိရင် ကျမတို့အဖွဲ့တခုတည်း ဖက်ဒရယ်ပြည်ထောင်စုအတွက် ရပ်တည်ပေးတဲ့ နိုင်ငံရေးပါတီဆိုတာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကျမတို့ဟာ တဦးတည်းရပ်ရရင်လည်း ရပ်ရပါစေ။ ဒါမှန်ကန်တယ်။ ကျမတို့နိုင်ငံအတွက် လိုအပ်တယ်လို့ထင်လို့ ကျမတို့ ရပ်တည်ခဲ့ပါတယ်။ အခုဆိုလို့ရှိရင်တော့ ဖက်ဒရယ်ဆိုတဲ့စကားက အင်မတန်မှ၊ ပြောရမယ်ဆိုလို့ရှိရင် ခေတ်အပြောနဲ့ဆိုလို့ရှိရင် ‘အင်မတန်မှပေါက်’ နေတဲ့စကားပေါ့နော်။ အားလုံးက ဖက်ဒရယ်၊ ဖက်ဒရယ်ဆိုတာ သိပ်ပြီးတော့ ပြောကြတယ်။ ခေတ်စားနေတယ်ပေါ့။ အခုမှ ခေတ်စားလာတာဆိုပေမယ့် ကျမတို့က တစိုက်မတ်မတ် ဒီဖက်ဒရယ်ကို တန်ဖိုးထားခဲ့ပါတယ်။ အဲဒီတော့ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ ဆင်းဖြတ်တဲ့အခါမှာ ဘယ်သူတွေက ခိုင်ခိုင်မာမာနဲ့ စစ်မှန်တဲ့တိုင်းရင်းသားညီညွတ်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် ရပ်တည်မှာလဲဆိုတာကို ဆုံးဖြတ်ဖို့အရေးကြီးပါတယ်။ ကျမတို့အနေနဲ့ တခြားကျန်တဲ့နိုင်ငံရေးပါတီတွေထက်စာလို့ရှိလို့ရှိရင် ဘာဖြစ်လို့ပြည်ထောင်စုစိတ်ဓာတ်များတယ်လို့ ပြောနိုင်လဲဆိုတာဟာ ကျမတို့ သမိုင်းကြောင်းကြောင့်ပဲဖြစ်တယ်။ နောက်ပြီးတော့လည်း ကျမတို့အဖွဲ့ချုပ်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့ထားတဲ့အဖွဲ့ချုပ်ဖြစ်ပါတယ်။ တချို့ကတော့ ကျမတို့အဖွဲ့ချုပ်ကို ဗမာပါတီဆိုပြီးတော့ ပြောချင်ပါတယ်။ ဒါ မဟုတ်ပါဘူး။ ကျမတို့ ၁၉၈၈ ခုနှစ် စဖွဲ့ကတည်းက ကျမတို့အဖွဲ့ထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါတီဝင်တွေပါပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ကျမတို့ရဲ့ ကိုယ်စားလှယ်တွေထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများကြီးပါပါတယ်။ ပြောရမယ်ဆိုရင် ကျမတို့အဖွဲ့ချုပ်ဟာ တိုင်းရင်းသားကိုယ်စားလှယ်အများဆုံး ရွေးချယ်ခံခဲ့ရတဲ့ပါတီဖြစ်ပါတယ်။ အခုလည်း ကျမတို့ ဒီရွေးကောက်ပွဲတွေမှာ ၀င်ပြီးတော့ ရွေးမယ့်၊ အရွေးခံမယ့်ကိုယ်စားလှယ်လောင်းတွေထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်လောင်းတွေ အများအပြားပါဝင်ပါတယ်။ သို့သော်ငြားလည်း ကျမက နိုဝင်ဘာကျရင် မဲထည့်တဲ့အခါမှာ ကိုယ်စားလှယ်လောင်း တဦးချင်း၊ တဦးချင်းကို ကြည့်ပြီးတော့ ဘယ်တိုင်းရင်းသားလဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘယ်လောက်ပညာအရည်အချင်းရှိလဲဆိုတာတွေကိုကြည့်ပြီးတော့ မဲမပေးစေချင်ပါဘူး။ ကျမတို့ရဲ့အလံကိုပဲကြည့်ပြီးတော့ မဲပေးစေချင်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းရင်းက ကျမတို့က ကိုယ်စားလှယ်လောင်းတဦးချင်း၊ တဦးချင်းရဲ့ အရည်အချင်းကို အလေးမထားလို့မဟုတ်ပါဘူး။ အလေးထားပါတယ်။ ကျမတို့ တတ်နိုင်သလောက် ကြိုးစားပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေ ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစားပါတယ်။ ဒါပေမယ့်လည်း တကယ်အရေးကြီးတာဟာ တဦးချင်း၊ တဦးချင်း မဟုတ်ပါဘူး။ အဲဒီကိုယ်စားလှယ်တွေ ကိုယ်စားပြုတဲ့ပါတီပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတာ့ ပါတီကသာလျှင် အစိုးရဖွဲ့နိုင်မှာပါ။ လူတဦးချင်း၊ တဦးချင်း၊ ပုဂ္ဂိုလ်တဦးချင်း၊ တဦးချင်းက ဘယ်လိုပဲ အရွေးချယ်ခံရ၊ ခံရ အစိုးရဖွဲ့နိုင်တဲ့အခြေအနေ မရှိပါဘူး။ ပါတီတခုကသာ အများစုရရင် ပြည်ထောင်စုလွှတ်တော်ထဲမှာ အများစုရလို့ရှိရင် အစိုးရဖွဲ့နိုင်မယ့် အခွင့်အရေး ရမှာပါ။ အစိုးရဖွဲ့နိုင်မှ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်မှာပါ။ ဒါကြောင့် ကျမတို့ ပြည်သူတွေဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲခြင်းကို လိုလားတယ်ဆိုရင် ကျမတို့အဖွဲ့ချုပ်ရဲ့အလံကိုပဲကြည့်ပြီးတော့ မဲထည့်ပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up