Home
မေးမြန်းခန်း
ပေါက်တူးရိုးက ဒီအန်အေအရ လူသတ်တရားခံဟာ အခြားသူပါ - ဦးအောင်မျိုးသန့်
အေးနိုင်
·
September 12, 2015
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) လူသတ်မှုမှာ အသုံးပြုတဲ့ ပေါက်တူးမှာ တွေ့ရှိတဲ့ ဒီအန်အေ (မျိုးရိုးဗီဇ) ဟာ လက်ရှိ တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦး ကိုဇော်လင်းနဲ့ ကိုဝေဖြိုး (ကိုဝင်းဇော်ထွန်း) တို့ရဲ့ ဒီအန်အေနဲ့ လုံးဝမကိုက်ညီဘူးလို့ ထိုင်းနိုင်ငံ မှုခင်းသိပံ္ပဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာပွန်ထစ်က ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးမှာ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ထွက်ဆိုပါတယ်။ မှုခင်းသိပံဆေးအဖွဲ့က ညွှန်ကြားရေးမှူးချုပ် ဒေါက်တာပွန်ထစ်က ဒီကနေ့ထွက်ဆိုချက်ကို မြန်မာသံရုံးအထူးအဖွဲ့က ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။ တရားခွင်မှာ ထိုင်းက မှုခင်းဆရာဝန် ဒေါက်တာပွန်ထစ်က တရားရုံးတော်မှာ ဘာတွေ ထွက်ဆိုသွားသလဲခင်ဗျ။ “တရားရုံးတော်မှာ မှုခင်းဆိုင်ရာ ဥပဒေနဲ့ပတ်သက်တဲ့ ဟာတွေကို သူက ရှင်းလင်းထွက်ဆိုသွားပါတယ်။ ဘာဖြစ်လို့ ဒီလိုထွက်ဆိုသွားသလဲဆိုတော့ သူတို့ရဲ့ ထိုင်းနိုင်ငံဥပဒေအရ တကယ်လို့ ရှေ့နေများကောင်စီကသော်လည်းကောင်း၊ နစ်နာသူဘက်ကသော်လည်းကောင်း တောင်းဆိုခဲ့လို့ရှိရင် ဒီဆေးစစ်တာနဲ့ပတ်သက်လို့၊ ဒီအန်အေ စစ်တာနဲ့ ပတ်သက်လို့ ကိုယ့်ဟာကိုယ်လည်း စစ်လို့ရပါတယ်။ သူ့အနေနဲ့က ဒေါက်တာပွန်ထစ်ကို ရှေ့နေများကောင်စီနဲ့ ဒီဘက်က တရားခံကလေးမိဘတွေက တောင်းဆိုတဲ့အတွက်ကြောင့် ဒီအန်အေစစ်ထားတဲ့စစ်ချက်တွေကို ရုံးတော်ကို ယူလာပါတယ်။ ယူလာပြီးတော့ ရုံးတော်ကို သက်သေခံအဖြစ် တင်သွင်းပါတယ်။ ထို့အတူ ရုံးတော်က ဒီအန်အေ စစ်ထားတဲ့ စာရွက်စာတမ်းတွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ သူထွက်ဆိုသွားပါတယ်။” [caption id="attachment_111783" align="alignright" width="300"]ဦးအောင်မျိုးသန့် ဦးအောင်မျိုးသန့်[/caption] ဒေါက်တာပွန်ထစ်က အဓိကအားဖြင့် ဘယ်သက်သေခံပစ္စည်းတွေကို စစ်ဆေးပြီးတော့ ဘာတွေကို ထွက်ဆိုသွားလဲခင်ဗျ။ “အဓိကပြောရမယ်ဆိုရင်တော့ လူသတ်ပစ္စည်းဖြစ်တဲ့ ပေါက်တူးရဲ့အရိုးကို သူ ဒီအန်အေစစ်ခဲ့ရပါတယ်။ အဲလိုစစ်ဆေးတဲ့အခါမှာ အရုံးမှာ လူသတ်တရားခံရဲ့ ဒီအန်အေ တခု တွေ့ပါတယ်။ အဲဒီ ဒီအန်အေကိုတွေ့တဲ့အခါမှာ သူ မောင်မောင်၊ ဇော်လင်း၊ ဝေဖြိုး (၀င်းဇော်ထွန်း) တို့ရဲ့ ဒီအန်အေနဲ့ တိုက်ဆိုင် စစ်ဆေးတဲ့အခါမှာ လုံးဝ မတူဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ နောက်ပြီးတော့ သူပြောချင်တာက တရားခံအနေနဲ့ နောက်တယောက်ရှိနေတယ်ဆိုတာဟာ ပေါက်တူးရိုးက သက်သေခံနေတယ်လို့ ပြောခဲ့ပါတယ်။” အဲဒီပေါက်တူးရိုးမှာ ဒီအန်အေတခုက ထင်ထင်ရှားရှား၊ နောက်တခုက မသဲမကွဲတွေ့တယ်ဆိုတဲ့ လွန်ခဲ့တဲ့ နာရီပိုင်းတုန်းက နားလည်ကြမှုမျိုးက ဘယ်လိုပါလဲ။ “မဟုတ်ဘူး၊ အခုလောလောဆယ်မှာ ဒေါက်တာပွန်ထစ်စစ်တာကတော့ ပေါက်တူးရိုးမှာ သိသာထင်ရှားတဲ့ ဒီအန်အေတခုပဲ တွေ့တယ်လို့ ပြောတာပါ။ အဲဒီ ဒီအန်အေ တခု တွေ့တာဟာ ခုနကပြောတဲ့ ကလေးတွေရဲ့ ဒီအန်အေနဲ့ စစ်တဲ့အခါမှာ ကလေးတွေရဲ့ ဒီအန်အေမဟုတ်ဘူးဆိုတာ လာထွက်တာ။ နောက်ပြီးတော့ အဲဒီ ရုံးတော်မှာရှိတဲ့ ဒီအန်အေ ကတ်တွေ၊ ကတ်ပေါ့လေ သူတို့အရင်တုန်းက ရဲတွေပြတဲ့ ဒီအန်အေစစ်ဆေးကတ်ကို ကြည့်တဲ့အခါမှာလည်း အဲဒါတွေက စာရွက်ကို ပြင်ထားတာ တွေ့သလိုပဲ ရက်စွဲတွေက စာရွက်ထိပ်မှာ တွေ့တဲ့ရက်စွဲနဲ့ စာရွက်အောက်ဆုံးမှာ ရေးတဲ့ စာရွက်ချင်းမတူတာလည်း တွေ့ခဲ့ရတယ်။ ဒါလည်း သူ့ရဲ့ထွက်ချက်အရပေါ့လေ။ နောက်တခုက သူတို့ အော်တို ဒီအန်အေစစ်ဆေးတဲ့စက်ကို စစ်ဆေးမယ်ဆိုရင် မစစ်ဆေးခင်မှာ အဲဒီ ဒီအန်အေရဲ့ အမည်နဲ့ လိပ်စာတွေကို ပြည့်စုံအောင် ရေးပြီးတော့မှ အဲဒီစက်ကို ဖွင့်ပြီး စစ်ရပါတယ်။ ဒါ လုပ်ထုံးလုပ်နည်းပါ။ သို့သော် ရဲများက အဲလိုမစစ်ဘဲနဲ့ အရင်ဆုံးစက်နဲ့ထည့်စစ်လိုက်ပြီးမှ ထွက်လာတဲ့ဟာကိုမှ ကလေးတွေရဲ့နာမည်၊ လိပ်စာ ရေးထားတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ အချိန်တွေ၊ နာရီတွေ အဲဒီအပေါ်မှာ စက်ပေါ်မှာ ပါလာတာကိုး။ အဲဒီအချက်လည်း ပါပါတယ်။  နောက်တခုက ဒီအန်အေယူတဲ့အခါမှာ နည်းလမ်းတကျယူမယ်ဆိုရင် အဲဒီ ဒီအန်အေဟာ ၃၊ ၄ နှစ်လောက်ထိ ထိန်းသိမ်းထားလို့ရပါတယ်။ ဒါပေမယ့် ဒီရုံးတော်မှာ ရဲဘက်က ထွက်ဆိုသွားတာက ဒီအန်အေဟာ ရေရှည်အထားမခံဘူးလို့ ပြောသွားတာကိုလည်း သူက အဲဒီကွဲလွဲချက်ကို ဒီအန်အေ မှန်ကန်စွာ ယူခြင်းရှိ၊ မရှိဆိုတာနဲ့ ပြောသွားပါတယ်။ “နောက်တခါ ဆံပင်ဆိုတဲ့ သက်သေခံနဲ့ပတ်သက်လို့ ပြောတဲ့အခါမှာလည်း ဆံပင်ဆိုတာဟာ တကယ်စစ်ဆေးမယ်ဆိုရင် ဒီဟာနဲ့ပတ်သက်လို့ တရားခံ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို ကွင်းဆက်မပြတ်လိုက်နိုင်တဲ့ အနေအထားရှိပါလျက်သားနဲ့ အဲဒီဆံပင်ကို ဆက်လက်မစစ်ဆေးတာဟာလည်း ဒါဟာ တရားခံကို ရှာတဲ့နေရာမှာ အခက်အခဲဖြစ်သွားတာလည်းပါပါတယ် လို့ ပြောသွားတယ်။ “နောက်ပြီးတော့ စစပြီး အချင်းဖြစ်တဲ့၊ လူသေတွေ့တဲ့အချိန်တုန်းက တကယ်ဖြစ်သင့်တာက မှုခင်းသိပံကျွမ်းကျင်သူ တယောက် ပါသင့်ပါတယ်။ အဲလိုပါသင့်ပါလျက် ပါမလာခဲ့ဘူး။ အဲလို မပါလာတာဟာ အမှန်တရားကို မရောက်စေဘူးလို့ ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချင်းဖြစ်တဲ့အချိန်တုန်းက ကော့တောင်ကျွန်းနဲ့အနီးဆုံး စူရတ်ဌာနီမြို့မှာ မှုခင်းဆရာဝန်တယောက်ရှိပါတယ်။ အဲဒီဆရာဝန်ကို ရဲတွေက ခေါ်ယူ မသုံးခဲ့တဲ့အတွက်ကြောင့်လည်း ဒီလိုပဲ အမှန်တရားမဖြစ်ဘူးဆိုတာ သူက ထွက်ဆိုသွားပါတယ်။ “နောက်ပြီးတော့ ဒီအန်အေစစ်တဲ့နေရာမှာ အချက် ၃ ချက်ကိုလည်း သူက ထောက်ပြသွားပါတယ်။ စစ်တဲ့ စစ်ချက်အရ စံနှုန်းသတ်မှတ်ချက်က ၁ အချက် ရာနှုန်းပြည့်ဖြစ်သလား။ ၂ အချက် ဖြစ်နိုင်ခြေရှိသလား။ ၃ အချက် လုံးဝ မဖြစ်နိုင်ဘူးလားဆိုတဲ့ အချက် ၃ ချက်နဲ့တိုင်းတာပါတယ်။ အဲလိုတိုင်းတာတဲ့အခါမှာ ရုံးတော်မှာ ရဲတွေတင်ထားတဲ့ ဂရပ်ဖ်မှာ ကြည့်မယ်ဆိုရင် ၉ ဒသမ ၉၉၇ လို့ ရေးထားပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့ကို မေးတဲ့အခါမှာ တကယ်တော့ စံနှုန်းသတ်မှတ်ချက်အရ ရာနှုန်းပြည့်တူတယ်ပြောလို့ရှိရင် ၉ ဒသမ ၉၉၉၉၉ ဆို ဒါ ရာနှုန်းပြည့်သတ်မှတ်ပါတယ်တဲ့။ အခုဟာက ၉ ဒသမ ၉၉၉၇ ဆိုလို့ရှိရင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့အနေအထားပါတဲ့။ ရာနှုန်းပြည့်သတ်မှတ်လို့မရပါဘူးတဲ့။ ဒါကိုလည်း သူ ရုံးတော်ရှေ့မှာ ထွက်ဆိုသွားပါတယ်။” ဒေါက်တာပွန်ထစ်က ပြန်လည်စစ်တာက ပေါက်တူးရုံးတခုပဲလို့ ကျနော်တို့ နားလည်ရမလားခင်ဗျာ။ “အခုလောလောဆယ်မှာတော့ အစစ်ခံသွားတာ အဓိကထားပြီးတော့ ပေါက်တူးရိုးကို စစ်တယ်။ ထို့အတူပဲ ဒီအန်အေ လုပ်ထုံးလုပ်နည်းနဲ့ လွဲမှားတယ်ဆိုတဲ့ သေသူ ဟန်နာကိစ္စတို့၊ အလောင်းကို ရွှေ့ပြောင်းတဲ့ကိစ္စတို့၊ နောက်ပြီးတော့ သေသူအလောင်းကိုလည်း သူ့အနေနဲ့ သတ်မှတ်ထားတာက ဓာတ်ပုံတွေကို မြင်ရတဲ့အချိန်မှာ သေပြီးတာဟာ ဆယ်နာရီနဲ့ ၁၂ နာရီကျော်ပြီလို့ ပြောလိုက်ခြင်းအားဖြင့် ဒီဟာဟာ သတ်ထားပြီးသား ဖြစ်တယ်ဆိုတဲ့ပုံစံမျိုး ဆိုတာကိုလည်း သူက ထွက်ဆိုသွားပါတယ်။ အဲဒီတော့ ဒီအန်အေ တူတာ၊ မတူတာကတော့ ခုနက ပေါက်တူးရိုးနဲ့ကြည့်မယ်ဆိုပေမယ့်လည်း ခုနကပြောတဲ့ မုဒိမ်းကျင့်ခြင်း ရှိမရှိနဲ့ပတ်သက်လို့၊ စစ်ဆေးမှုနဲ့ပတ်သက်လို့ ဒီအန်အေရယူတဲ့အခါမှာ ဒီအန်အေ လုပ်ထုံးလုပ်နည်းနဲ့ မတူညီခဲ့လို့၊ ကွဲလွဲခဲ့လို့ ဒီလို ဥပဒေအရ မှားယွင်းနေတယ်ဆိုတာ သူ ထောက်ပြတယ်ဆိုတဲ့သဘောလည်းပါပါတယ်။” မှုခင်းဖြစ်ပြီးတဲ့အချိန်မှာ အလောင်းကို နေရာရွှေ့တာတို့၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ပတ်သက်လို့ရော ဒေါက်တာပွန်ထစ်က ဘာပြောသေးလဲ။ “အန်ကယ်ခုနက ပြောသလိုပါပဲ၊ ဒီအန်အေယူတဲ့ လုပ်ထုံးလုပ်နည်း ပရိုစီဂျာ ၇ ချက်နဲ့ပြောမယ်ဆိုရင် တကယ်တမ်းစမှုခင်းဖြစ်တဲ့အချိန်မှာ လွတ်လပ်တဲ့သက်သေ၊ လွတ်လပ်တဲ့မှုခင်းဆရာဝန်၊ နောက်ပြီးတော့ မှုခင်းရပ်တပ်ဖွဲ့ဆိုတာမျိုး ၃ မျိုးနဲ့ စစ်ရမှာပါ။ အဲဒီအချိန်မှာ ရဲတဖွဲ့တည်းနဲ့ ပြုလုပ်ခဲ့တယ်ဆိုတာ ဒေါက်တာပွန်ထစ်တို့လို မှုခင်းဆိုင်ရာ ဆရာဝန်တယောက် မပါခဲ့တာဟာ အမှုကို လွဲချော်စေတဲ့သဘောပါ။ ဒါကြောင့်သူက ပြောတာပါ။ အဲဒီအချိန်ကတည်းက စူရတ်ဌာနီဘက်မှာ သိပ္ပံမှုခင်းဆရာဝန်တယောက်ရှိတယ်။ အဲဒီဆရာဝန်ကို ခေါ်သုံးရင် အမှန်တရားကို ရောက်နိုင်တယ်ပေါ့။ ဒါပေမယ့် အခုဟာက အဲဒီလို ခေါ်မသုံးတဲ့ အတွက်ကြောင့်မို့လို့ ဒီအန်အေရယူတဲ့အခါမှာ ကွဲလွဲချက်တွေ၊ မှားယွင်းမှုတွေ ချွတ်ချော်မှုတွေဖြစ်တယ်လို့ သူက ထောက်ပြသွားတာပါ။” ပေါက်တူးမှာ ဒီအန်အေတခုတွေ့တယ်ဆိုတော့ အဲဒီ ဒီအန်အေပိုင်ရှင်က ဘယ်သူလဲဆိုတဲ့ ကွင်းဆက်ကို ရဲ၊ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းကနေ ဆက်လိုက်ရမယ့်သဘောလား။ “မှန်ပါတယ်။ တကယ်တမ်းဆိုရင် မှုခင်းစစ်ဆေးရေးအဖွဲ့က ဒီ ဒီအန်အေနဲ့ပတ်သက်လို့ ကွင်းဆက်မပြတ်ဆက်လိုက်ရမှာက ဒီ ဒီအန်အေပိုင်ရှင်ဖြစ်တဲ့ တရားခံကို ဖမ်းရမှာပါ။ ဒါပေမယ့် အဲဒီ ဒီအန်အေမဟုတ်ဘဲနဲ့ ကလေးတွေကို ဒီအန်အေတူတယ်ဆိုပြီး ဖမ်းလိုက်တဲ့အခါမှာ ကလေးတွေနဲ့ အခုလို ကွဲလွဲတဲ့အခါကျတော့ ကလေးတွေက အပြစ်မရှိဘဲ တရားခံဖြစ်နေတဲ့သဘောဖြစ်နေပါတယ်။ ဒါပေမယ့် တရားခံအစစ်ကို ဖမ်းဖို့၊ မဖမ်းဖို့ဆိုတာ တရားစွဲအဖွဲ့ဖြစ်တဲ့ ရဲတာဝန်ပါ။ အန်ကယ်တို့က ကလေးတွေဟာ ဒီအန်အေ မတူဘူး၊ ဒီအန်အေ မတူတဲ့အတွက်ကြောင့်မို့လို့၊ တရားလိုဘက်က စွပ်စွဲချက် ၂ ခုရှိပါတယ်။ ၁ အချက်က ဖြောင့်ချက်ပေးခဲ့တယ်ဆိုတာရယ်၊ ၂ အချက်က ဒီအန်အေတူတယ်ဆိုတာ အချက်ရယ်၊ အဲဒီ ၂ ချက်စလုံးကို ကြည့်မယ်ဆိုရင် အခု တရားခွင်မှာ ဒီနေ့ထိ စစ်ပြီးတဲ့အထိဟာ ၂ ခုစလုံးနဲ့ပတ်သက်လို့ ဘာမှ ထင်ရှားတဲ့ သက်သေခံအထောက်အထားမရှိလို့ ဒါကြောင့်မို့ ကလေးတွေဟာ အပြစ်မရှိဘူးလို့ အန်ကယ်ပြောတာပါ။” သေဆုံးသူ ဟန်နာရဲ့ အင်္ဂါဇာတ်နဲ့ စအိုမှာတွေ့တဲ့ ဒီအန်အေက ကလေး ၂ ယောက်ရဲ့ ဒီအန်အေနဲ့ တူတယ်ဆိုတဲ့ပုံစံမျိုး ရုံးတော်မှာ တင်ထားတဲ့အပေါ်မှာ ဒေါက်တာပွန်ထစ်က စစ်တာမှာ ၉ ဒသမ ၉၉၉၇ ဆိုပြီး တွေ့တယ်ဆိုတာတွေ ပေါ်တာလားခင်ဗျာ။   “ဟုတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူပြောတာ ရှင်းပါတယ်။ ပထမဆုံး ဟန်နာရဲ့နို့ပေါ်မှာရှိတဲ့ တံတွေးပေါ့လေ တံတွေး ဒီအန်အေတခုကို ဒီအန်အေလို့ သတ်မှတ်ပြီးတော့ ယူလို့ မရဘူးတဲ့။ ဒီ တံတွေးတခုတည်းနဲ့။ ဒါကြောင့်မို့ ဟန်နာရဲ့ တန်ဆာမှာရှိတဲ့ သုတ်ရည်၊ သုတ်ပိုးကြည့်ပြန်တော့လည်း သုတ်ရည်၊ သုတ်ပိုးဟာ ၁ အချက် ရောနှောနေတာဖြစ်တယ်။ ရောနှောနေတာကို ခွဲခြားတဲ့အခါမှာလည်း တကယ်တမ်းယူတဲ့လူက အဲဒီ တန်ဆာအပေါ်မှာ၊ အပေါ်ယံမှာ ဖြစ်နေတဲ့ သုတ်ရည် သုတ်ပိုးရယ်၊ တန်ဆာအတွင်းပိုင်းက အမှန်တကယ် ဟန်နာ့ရဲ့ သုတ်ရည်ရယ်ကို ခွဲခြားပြီးတော့ ယူရမှာကို အဲလိုမယူခဲ့တဲ့ အတွက်ကြောင့်မို့လည်း ဒီ ဒီအန်အေဟာ တူညီတယ်ဆိုတဲ့ စစ်ဆေးဖို့ဟာ အခက်အခဲဖြစ်သွားတာပါ။” ပေါက်တူးရိုးက ဒီအန်အေနဲ့ တရားခံလူငယ် ၂ ဦး ဒီအန်အေ မတူဘူးဆိုတာ ကမ္ဘာ့သတင်းလို အင်္ဂလန်က နာမည်ကြီး သတင်းစာတွေကလည်း အသားပေးဖော်ပြကြတယ်။ အန်ကယ်ကရော ဘယ်လောက်ထိအောင် အရေးပါတယ် ပြောမလဲ။ “အန်ကယ်ပြောတာကတော့ တရားခွင်မှာ အန်ကယ်ကိုယ်တိုင် ဒေါက်တာ ပွန်ထစ်နားမှာထိုင်ပြီးတော့ ရှိနေတာပါ။ ဒေါက်တာပွန်ထစ်ရဲ့ ထွက်ဆိုချက်ကို ကြည့်မယ်ဆိုရင် သူက ရှင်းရှင်းလေးပါ။ သူ့မှာ စစ်ပိုင်ခွင့်ရှိတာ ပေါက်တူးရိုးတခုပဲ စစ်ခဲ့ရတာပါ။ ပေါက်တူးအပြားတောင်မဟုတ်ပါဘူး။ ပေါက်တူးရိုးစစ်တဲ့အခါ အဲဒီပေါက်တူးရိုးမှာ ဒီအန်အေ တခု တွေ့ပါတယ်။ အဲဒီ ဒီအန်အေကို ဇော်လင်းတို့၊ မောင်မောင်တို့  ဝေဖြိုးတို့ရဲ့ ဒီအန်အေနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ လုံးဝ မတူပါဘူး။ ဒါကြောင့်မို့သူက ဒီဟာနဲ့ပတ်သက်လို့တော့ ပေါက်တူးရိုးမှာ ဒီအန်အေပိုင်ရှင်ဖြစ်တဲ့ လူသတ်တရားခံဟာ အခြားသူတယောက်ဖြစ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း တရားခွင်ကို တင်ပြခဲ့တာပါ။” ကနဦးပိုင်းတုန်းက တရားလိုပြသက်သေတွေ၊ ရဲတွေကို စစ်တဲ့အခါမှာ ပေါက်တူးရိုးမှာ လက်ဗွေရာမရှိဘူး၊ ဒီအန်အေ မရှိဘူးလို့ ထွက်ဆိုထားတယ်မဟုတ်လား။ အဲဒီလိုထွက်ဆိုချက်ဟာ အရာရှိအဆင့်လား၊ ငယ်သားအဆင့်လား။ “အဲဒါက သူတို့က ရဲဘက်ဆိုင်ရာ မှုခင်းရဲတွေရဲ့ စစ်ချက်ပါ။ ရဲဘက်ဆိုင်ရာ မှုခင်းရဲတွေရဲ့ စစ်ချက်က ဒါက သူတို့ရဲ့ စစ်ဆေးတွေ့ရှိချက်ကို သူတို့ တင်ပြတာဖြစ်ပြီးတော့ ဒါနဲ့ပတ်သက်လို့ လေးနက်စွာ ဆောင်ရွက်ခြင်း ရှိမရှိဆိုတာလည်း သူတို့ရဲ့ ဆောင်ရွက်တဲ့အပေါ် မူတည်ပါတယ်။ အခုဟာ ဒေါက်တာပွန်ထစ်ကိုယ်တိုင်က ဒီဟာကို စစ်ဆေးပါလို့ လူ့အခွင့်အရေးကောင်စီကသော်လည်းကောင်း၊ ရှေ့နေများကောင်စီကသော်လည်းကောင်း၊ အခု တရားခံဖြစ်နေတဲ့ ကလေးတွေရဲ့ မိဘများကသော်လည်းကောင်း တောင်းဆိုချက်အရ စစ်ဆေးတဲ့အခါမှာ တိကျစွာ ဒီဟာကို စစ်ဆေးတဲ့အတွက်ကြောင့်မို့လို့ ပေါက်တူးရိုးမှာ ဒီအန်အေဆိုတာကို တွေ့ရှိခဲ့တာပါ။” ပေါက်တူးရိုးနဲ့ပတ်သက်လို့ ဒေါက်တာပွန်ထစ်ထွက်ဆိုချက်ဟာ ကလေး ၂ ဦးက အပြစ်ကင်းမဲ့ကြောင်း အခြေအနေကို တွန်းပို့တဲ့အချက်တခုအဖြစ် မြင်ပါတယ်။ အဲဒီတော့ ဒေါက်တာပွန်ထစ်ရဲ့ ထွက်ဆိုချက်ကို ရိုးတော်က ပြန်လည်ပြီး၊ တရားလိုတွေဘက်က ပြန်လည်ပြီး စောဒကတက်မယ့် အနေအထားရှိလား။ ယတိပြတ်လား၊ အဆုံးအဖြတ်လားဆိုတာ ဘယ်လိုနားလည်ရမလဲ။ “ဒီနေ့တရားခွင်မှာ ၁ အချက်က အစိုးရရှေ့နေခေါ်တဲ့ ဆွဲချဘက်ကလည်း ပြန်လှန်မေးခွန်းမေးခဲ့ပါတယ်။ သူတို့မေးတဲ့မေးခွန်းဟာလည်း သူတို့ဘက်က စွဲဆိုချက်တွေ မခိုင်မာလို့၊ ပျော့ကွက်တွေဖြစ်သွားလို့ ပြန်လှန်ပြီးတော့ ရအောင်မေးတာပါ။ ဒါပေမယ့် ဒီအပေါ်မှာ ဒေါက်တာပွန်ထစ်က ဆေးပညာပိုင်းဆိုင်ရာ ရာနှုန်းပြည့် နားလည်တဲ့လူတယောက်လို ရှင်းပြသွားတာဟာ  တရားခွင်မှာ တော်တော်လေးကို နားထောင်လို့လည်း ကောင်းပါတယ်။ ဥပဒေလည်း ခိုင်လုံပါတယ်။ ထို့အတူပဲ တရားသူကြီးများကိုယ်တိုင်ကလည်း မသိနိုင်သေးတဲ့ အချက်တွေကို သူက တရားခွင်မှာ ရှင်းပြသွားတာပါ။ အဲဒီရှင်းပြသွားတဲ့အချက်တွေကလည်း ဘယ်အချက်တွေက ဘယ်လိုဖြင့် ကွဲလွဲပါတယ်ဆိုတဲ့ သာမန် မှုခင်းဆရာဝန်ထက် ပိုပြီးတော့ ထူးချွန်ဆရာဝန်တယောက်အနေနဲ့ စစ်ခံသွားတာ တွေ့လိုက်ခြင်းအားဖြင့် ဒီအချက်တွေဟာ အမှန်အကန်ဖြစ်နိုင်တယ်ဆိုတာ ယူဆတာပါ။” အမှုနောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပြောပြပါ။ “အထူးမှတ်ချက်တော့ မရှိပါဘူး။ အန်ကယ် အစက ပြောခဲ့သလိုပါပဲ။ အန်ကယ်တို့ ကလေးတွေအပေါ်မှာ တရားစွဲအဖွဲ့က ဖြောင့်ချက်ပေးခဲ့တယ်ဆိုတာနဲ့ ဒီအန်အေတူပါတယ်ဆိုတဲ့ ၂ ချက်နဲ့ အပြစ်ပေးဖို့ ကြိုးစားတာပါ။ ဒါပေမယ့် ဖြောင့်ချက်နဲ့ပတ်သက်လို့လည်း အခု တရားခံ ဇော်လင်းစစ်တဲ့အချိန်ထိ ရောက်နေပါပြီ။ ဒီအချိန်မှာ ရိုက်ပုတ်ညှဉ်းဆဲတယ်ဆိုတဲ့၊ ညှဉ်းဆဲမှုရှိတဲ့အတွက်ကြောင့်မို့လို့ ၀န်ခံရတယ်ဆိုတဲ့ အကြောင်းကလည်း တော်တော် ပေါ်လွင်ရှင်းလင်းနေပါပြီ။ ထို့အတူပဲ ဒီအန်အေတူတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ကလည်း အခုသက်သေထွက်ချက်တွေအရ အခိုင်အမာပေါ်လွင်နေတဲ့အတွက်ကြောင့်မို့လို့ အန်ကယ်ဟာ ဒီအမှုနဲ့ပတ်သက်လို့ ကလေးတွေဟာ အပြစ်ကင်းမဲ့သူတွေဖြစ်တယ်ဆိုတာကိုပဲ အန်ကယ်အခိုင်အမာ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024