A d v e r t i s e m e n t With Us

ပြည်သူ့စစ်အသွင်ပြောင်း ကချင်ခေါင်းဆောင် နေအိမ်အကျယ်ချုပ် အဖမ်းခံရ

မကြာ​သေး​မီက ပြည်သူ့​စစ်အသွင်​ပြောင်း​ခဲ့​တဲ့​ ​ကေအိုင်အို ခွဲထွက်အဖွဲ့​ ​ခေါင်း​ဆောင် လဆန်​အောင်ဝါကို မြစ်ကြီး​နား​၊​ တပ်ကုန်း​ရပ်ကွက်က သူ့​နေအိမ်မှာ ​နေအိမ်အကျယ်ချုပ်အ​နေနဲ့​ ​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ်က အခုလ ၁၈ ရက်​နေ့​က ဖမ်း​ဆီး​ထား​ပါတယ်။ ဝိုင်း​မှော်မြို့​နယ် အ​ရှေ့​မြောက်ဘက် လဝါး​ယန်နှင့်​ဂွေထူ​ကျေး​ရွာမှာ အ​ခြေစိုက်ထား​တဲ့​ ပြည်သူ့​စစ်အဖွဲ့​ခေါင်း​ဆောင် လဆန်​အောင်ဝါကို မပခလက်​အောက်ခံ တပ်ရင်း​တခုမှ တပ်ရင်း​မှူး​နှင့်​ ဗိုလ်ကြီး​တဦး​ ပါတဲ့​ စစ်သား​တွေက မြစ်ကြီး​နား​မြို့​၊​ တပ်ကုန်း​ရပ်ကွက်၊​ အ​ရှေ့​မြောက်အရပ်ရှိ အ​ဝေး​ပြေး​လမ်း​မကြီး​ဘေး​က သူ့​ရဲ့​ ​နေအိမ်ကို ​စောင့်​ကြပ်ကာ ​နေအိမ်အကျယ်ချုပ် ချထား​ကြောင်း​ လဆန်​အောင်ဝါနှင့်​ နီး​စပ်သူ မြစ်ကြီး​နား​ဒေသခံ ကချင်အမျိုး​သား​တဦး​က အခုလို ​ပြောပါတယ်။ “ဒီလ ၁၈ ရက်​နေ့​ကစပြီး​ သူ့​ကို အကျယ်ချုပ်လုပ်ထား​တာ ဒီ​နေ့​အထိ။ အဲဒါ တပ်ကုန်း​အ​ရှေ့​မြောက်၊​ ​နေအိမ်​ပေါ့​။ တပ်ရင်း​မှူး​ နိုင်တင်လှ၊​ မပခ ကပဲ။ ဗိုလ်ကြီး​ ​စောဝဏ္ဏဖြိုး​၊​ အရပ်သား​ဝတ်စုံနဲ့​ပေါ့​။ စစ်သား​တွေ ​ရောက်​နေတယ်။ လုံး​ဝ အပြင်ကို ဆက်သွယ်ခွင့်​မရှိ၊​ ဖုန်း​မဆက်ရ၊​ ဘယ်မှ မသွား​ရ၊​ စစ်သား​တွေ အပြင်မှာ ​စောင့်​နေတာ​ပေါ့​။ ပြည်သူ့​စစ်လုပ်ထား​ပြီး​သား​၊​ အဲဒါကို ဘာမသင်္ကာလည်း​ မသိဘူး​၊​ သူ့​ကို အကျယ်ချုပ်လုပ်​နေပြီ။” လဆန်​အောင်ဝါဟာ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) အဖွဲ့​ရဲ့​ ​ထောက်လှမ်း​ရေး​တာဝန်ခံ ​ခေါင်း​ဆောင်​ဟောင်း​တဦး​လည်း​ဖြစ်ပြီး​ ၂ဝဝ၃ ခုနှစ် ဝန်း​ကျင်က အဖွဲ့​တွင်း​ အာဏာသိမ်း​အ​ရေး​အခင်း​မှာ မ​အောင်မြင်ဘဲ ​ကေအိုင်အိုက​နေ ထွက်​ပြေး​တိမ်း​ရှောင်လာခဲ့​ရပါတယ်။ အဲဒီ​နောက် ကချင်ငြိမ်း​ချမ်း​ရေး​အဖွဲ့​အ​နေနဲ့​ ဝိုင်း​မှော်မြို့​နယ်အတွင်း​ မြန်မာစစ်အစိုး​ရက အ​ခြေချခွင့်​ ​ပေး​ထား​ခဲ့​တာဖြစ်ပြီး​ မကြာ​သေး​မီက ပြည်သူ့​စစ် အသွင်​ပြောင်း​ခဲ့​တာလည်း​ ဖြစ်ပါတယ်။ ၂ဝ၁ဝ ​ရွေး​ကောက်ပွဲမှာ ဝိုင်း​မှော်မြို့​နယ်က​နေ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​ အနိုင်မရခဲ့​ပါဘူး​။ အခုအခါ သူ့​ကို ဖမ်း​ဆီး​တာဟာ လတ်တ​လောဖြစ်​နေတဲ့​ ​ကေအိုင်အိုနဲ့​မြန်မာစစ်တပ်အကြား​ တိုက်ပွဲ​တွေနဲ့​ ဆက်စပ်နိုင်တယ်လို့​ အဆိုပါ မြစ်ကြီး​နား​ဒေသခံက ​ပြောပါတယ်။ “အခုအချိန်မှာ ကျ​နော်တဦး​တည်း​ အမြင်အရ ပဋိပက္ခဖြစ်တဲ့​အတွက်၊​ တိုက်ပွဲဖြစ်တဲ့​အချိန်မှာ ဒါမျိုး​အဖွဲ့​အစည်း​တွေရှိ​နေ​တော့​ တဖက်က အဆက်သွယ်များ​ဖြစ်သွား​လို့​ရှိရင် ပိုပြီး​မှ ဆိုး​မှာ စိုး​ရိမ်တဲ့​အတွက် ကြိုတင်ကာကွယ်ပြီး​မှ လုပ်လိုက်တဲ့​သ​ဘောထင်တယ်။ လူမျိုး​အချင်း​ချင်း​ဆို​တော့​ ဘယ်လိုများ​ မသင်္ကာသလဲ မသိဘူး​။” နယ်ခြား​စောင့်​အသွင်​ပြောင်း​ခဲ့​တဲ့​ ယခင် ကချင်ပြည်ဒီမိုကရက်တစ်တပ်မ​တော် (အန်ဒီ​အေ​ကေ) အဖွဲ့​ခေါင်း​ဆောင် ယခု အမျိုး​လွှတ်​တော်အမတ် ဆခုံတိန့်​ယိန်း​နဲ့​ ယခင် အန်ဒီ​အေ​ကေ စစ်ဦး​ချုပ် ​လော်​ဝေါ်ကိုလည်း​ အလား​တူ ဖမ်း​ဆီး​ထား​တယ်ဆိုတဲ့​ သတင်း​တွေ ​ပေါ်ထွက်​နေပြီး​ ဆခုံတိန့်​ယိန်း​က​တော့​ ​နေပြည်​တော်ဘက်မှာ ​ရောက်ရှိ​နေတယ်လို့​ မြစ်ကြီး​နား​ကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up