နာကျင်မှုကင်းသည့် သွားကုထုံးနည်းသစ် (ရုပ်သံ)
DVB
·
September 12, 2015
သွားဆရာဝန်ဆီသွားရတဲ့အဖြစ်ကို လူအတော်များများ ကြောက်ကြပါတယ်။ သွားပိုးခေါင်း တွေ့လိုက်တာနဲ့ ထုံဆေးထိုး၊ လွန်နဲ့ညှိပြီး သွားပေါက်အဖာခံရတာ ထုံးစံဖြစ်နေလို့ပါ။
"ဒါပေမယ့် ဒီသံသရာထဲမှာ ဖြစ်နေကျပြဿ နာက သွားဖာတိုင်း တာရှည်မခံတဲ့ အဖြစ်ပါပဲ။ သွားပိုးခေါင်းကို ပြန်ပြင်ပြီး ပြန်ဖာဖို့ လိုအပ်ပါတယ်။ အဲ့တော့ ပြန်ပြင်လိုက်၊ ပြန်ဖာလိုက် ဒီသွားရဲ့သက်တမ်းတလျှောက် သံသရာလည်နေတော့တာပေါ့။"
ဒါပေမယ့် သွားကုထုံးနည်းသစ်တခုကတော့ ဒီသံသရာကို ဖြတ်ပေးနိုင်ပါတယ်။ အဲဒါကတော့ သွားပိုးခေါင်းဖြစ်စေမယ့် ဒဏ်ရာကို ကုစားပေးတဲ့ ကုထုံးပါ။ ဗြိတိသျှကုမ္ပဏီ ရမ်မီနိုဗာဟာ သွားတွေ သူ့အလိုလို ပြန်ပြင်သွားမယ့်ဖြစ်စဉ်ကို အားဖြည့်နိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။
"သဘာဝဖြစ်စဉ်ကို အစွမ်းကုန်မြှင့်တင်ဖို့ ကြိုးစားတဲ့သဘောပါ။ ဒီနည်းစဉ်ကို လူကြီးမင်းတို့ခံတွင်းမှာ အမြဲဖြစ်နေကျ အခြေအနေဖြစ်တဲ့ သတ္တုဓာတ်ချို့တဲ့ခြင်း ဖြစ်စဉ်ကို အားဖြည့်တဲ့ ကုထုံးလို့ ခေါ်ပါတယ်။ ကျနော်တို့က ဒီဖြစ်စဉ်ကို မြှင့်တင်နိုင်မယ့် နည်းလမ်းကို တွေ့ထားတာပါ။ ကျန်းမာတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်သတ္တုတွေကို ကြွေသားထဲ အင်တိုက်အားတိုက် ဖြည့်ပေးမယ့် ဒီသဘာဝဖြစ်စဉ်နဲ့ လိုအပ်နေတဲ့ ကြွေရည်ကို တွဲစပ်အားဖြည့်ပေးတဲ့ သဘောပါ။"
လူနာရဲ့သွားကို အရင်ဆုံး သန့်စင်ပေးပြီးမှ သတ္တုဓာတ်တွေကို ဒဏ်ရာထဲ ထည့်ပေးရမှာပါ။ ပြီးမှ အားပျော့တဲ့ လျှပ်စစ်အချက်ပြကို ထုတ်လွှတ်ပြီး ဓာတ်သတ္တုအိုင်ယွန်တွေကို အခေါင်းထဲ တွန်းပို့လိုက်ပါတယ်။ ဒီဖြစ်စဉ်က သွားပိုးခေါင်းရဲ့ အနက်ဆုံးအပိုင်းထိ သတ္တုဓာတ်ကို အားဖြည့် ပေးလိုက်ပါတယ်။ ဒါက သွားဖာတဲ့ ကြာချိန်လောက်ပဲ ရှိပါတယ်။ လွန်သွားနဲ့ ခုတ်စားရတာ ဆေးသွင်းရတာတွေ မလိုသလို နာကျင်မှုလည်း မရှိဘူးလို့ တီထွင်သူတွေက ဆိုပါတယ်။ သွားတိုက်တာ၊ သွားသန့်စင်တာတွေက သွားပိုးပေါက်မဖြစ်အောင် တားဆီးနိုင်မယ့် အကောင်းဆုံးနည်း ဖြစ်ပေမယ့် သွားဆရာဝန်တွေကတော့ ဒီနည်းက အသုံးဝင် လက်နက်တခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေ ငယ်စဉ်မှာ သွားယိုယွင်းမှုကို တားဆီးခြင်းဟာလည်း သိပ်အရေးပါတယ်လို့ သူတို့က ဆိုပါတယ်။
"ကလေးအရွယ်မှာ သွားပျက်စီးတာကို ကာကွယ်နိုင်ရင် ကြီးလာရင်လည်း သွားပိုးပေါက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒါက ခိုင်မာတဲ့ ဈေးကွက်တခု ဖြစ်နေတာပါ။ ကလေးဘ၀မှာ သွားဆရာဝန်ဆီ သွားတဲ့ အလေ့အထသာ ရှိခဲ့ရင် လွန်နဲ့ဖောက်တာ သွားဖာရတဲ့အဖြစ်တွေ မရှိနိုင်တော့ဘူးပေါ့။ ဒီတော့ သူတို့သွားတွေ ကျန်းမာလာသလို ဆေးခန်းကို ပုံမှန်လာပြီး စစ်ဆေးမယ့် ဖောက်သည်တွေ ဖြစ်သွားနိုင်တာပေါ့နော်။"
ရမ်မီနိုဗာ ကုမ္ပဏီဟာ ခုချိန်မှာ လက်တွေ့ကုထုံးတွေမလုပ်ခင် ရင်းနှီးမြှပ်နှံမှု အသစ်တွေ ထပ်ရှာပြီး သူတို့ရဲ့ စဦးတီထွင်မှုကို သွားဘက်ဆိုင်ရာ ခွဲစိတ်မှုတွေအတွက် လက်နက်တခုအဖြစ် အသွင်ပြောင်းသွားမှာ ဖြစ်ပါတယ်။