ဂျပန်ရေဘေး ၂၆ ဦး ပျောက်ဆုံး (ရုပ်သံ)

တိုကျိုမြို့တော်မြောက်ပိုင်းက ရေဘေးသင့်ဒေသတွေမှာ နောက်ဆုံး သတင်းအချက်အလက်တွေအရ လူ ၂၆ ဦး ပျောက်ဆုံးနေပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ ရေလွှမ်းမိုးမှုအတွင်း သောင်တင်နေတယ်လို့ ဂျပန်အစိုးရရဲ့ ထိပ်တန်းပြောခွင့်ရက စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မကျော် ရွာခဲ့လို့ တောင်နဲ့ မြေတွေ ပြိုတာ ဖြစ်ခဲ့သလို မြစ်ကမ်းပါးတွေ ကျိုးပျက်ပြီး အိမ်တွေ ရေထဲ မျောခဲ့ပါတယ်။ လူ ၂၆ ဦး ပျောက်ဆုံးနေပြီး လူအယောက် ၁ သိန်းလောက်ကို ဘေးကင်းရာကို ပြောင်းရွှေ့ ပေးထားရပါတယ်။ လူတချို့ကတော့ ရေလွှမ်းနေတဲ့အိမ်တွေထဲမှာ သောင်တင်နေတာပါ။ အစိုးရအဖွဲ့က လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အစွမ်းကုန် လုပ်နေတယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲ စုငက သတင်းထောက်တွေကို ပြောပါတယ်။ ဂျပန်အရှေ့ပိုင်းက လူ ၅ သန်းနေထိုင်ရာ ဒေသအတွင်း မိုးရေချိန်က ခါတိုင်းစက်တင်ဘာ တလလုံး ပျမ်းမျှ ရွာတဲ့ မိုးရေချိန်ထက်  စက်တင်ဘာ ၁၀ ရက်နေ့ ၄၈ နာရီအတွင်း ရွာတဲ့ မိုးရေချိန်က ၂ ဆ ကျော်ခဲ့တာပါ။ စံချိန်ကျိုးအောင် ရွာတဲ့မိုးကြောင့် အာဏာပိုင်တွေက ရှားပါးမိုးလေဝသ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ အဲတဥ မုန်တိုင်း က ဂျပန်ကျွန်းစုရဲ့ အဓိကကျွန်းကြီးဖြစ်တဲ့ ဟွန်ရှုးကျွန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ဖြတ်သန်း တိုက်ခတ်ခဲ့တာပါ။ စစ်တပ်ကပါ ရှာဖွေရေး မီးတွေကို သုံးပြီး ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ NHK ရုပ်သံက အစီရင်ခံပါတယ်။ အိဘရာကီခရိုင်ရဲ့ ဂျိုစိုမြို့မှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၂၄ လက်မထိ ရောက်ခဲ့တာပါ။ ဖူကူရှီးမားမြို့အပါအဝင် ဂျပန်အရှေ့ပိုင်းဒေသတွေမှာ အနည်းဆုံး မိုးရေချိန် ၈ လက်မကျော်မယ်လို့ ဂျပန်မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးရွာသွန်းမှုဟာ စက်တင်ဘာ ၁၁ ရက် ဒီနေ့မှာ ရပ်မယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up