ဆီးရီးယား အစိုးရလေတပ်စခန်း သူပုန်သိမ်းပိုက် (ရုပ်သံ)

အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆီးရီးယားသူပုန် နတ်စ်ရာတပ်ဦးက တိုက်ခိုက်ရေးသမားတွေဟာ နိုင်ငံအနောက်မြောက်ပိုင်း အိဒလစ်ဘ်ခရိုင်က အစိုးရလေတပ် အခြေစိုက်စခန်း အဘူ အယ်လ်ဒူဟာကို သိမ်းပိုက်လိုက်ပါတယ်။ သူပုန်တွေက သေဆုံးသူတွေကို ရိုက်ကူးထားတဲ့ ရုပ်သံတွေလည်း အင်တာနက်ပေါ် ရောက်လာပါတယ်။ အစိုးရစစ်သည် ၅၆ ဦး ဒီတိုက်ပွဲအတွင်း ဒါမှမဟုတ် တိုက်ပွဲအပြီးမှာ သေဆုံးခဲ့တယ်လို့ ဆီးရီးယား ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့တွေ စက်တင်ဘာ ၁၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဒါဇင်နဲ့ချီတဲ့ စစ်သားတွေ ပျောက်ဆုံးနေတယ်လို့ အစီရင်ခံထားပြီး သူပုန်တွေက တခြားစစ်သား အယောက် ၄၀ လောက်ကို ဓားစာခံ ဖမ်းထားတယ်လို့ လေ့လာရေးအဖွဲ့က ဆီးရီးယားနိုင်ငံအတွင်းက သတင်းရင်းမြစ်တွေကို ကိုးကားပြောဆိုပါတယ်။ ဆီးရီးယားတပ်ဖွဲ့တွေက သူတို့ရဲ့ အိဒလစ်ဘ်ခရိုင်ထဲက နောက်ဆုံး ခြေကုပ်စခန်းကြီးကနေ ဆုတ်ခွာအပြီး စက်တင်ဘာ ၉ ရက်နေ့က နတ်စ်ရာတပ်ဦး အပါအဝင် သူပုန်ညွန့်ပေါင်းအဖွဲ့က အဘူအယ်လ် ဒူဟာ စစ်လေယာဉ်ကွင်းကို သိမ်းပိုက်ခဲ့တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မေးရာမှာ ဆီးရီးယားစစ်တပ် အရာရှိက စစ်တပ်ဟာ အခြေအနေအပေါ် မှတ်ချက်မပေးဘူးလို့ ပြောပါတယ်။ ဒေသခံအစိုးရ လိုလားတဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကတော့ ခရိုင်တွင်းက ရှီးယားမွတ်စလင် ရွာ ၂ ရွာ ဆက်ရှိနေတယ်လို့ လေ့လာရေးအဖွဲ့ ညွှန်မှူး ရာမီ အဗ်ဒူရာမန်က စက်တင်ဘာ ၉ ရက်နေ့က ပြောပါတယ်။ ဒီနှစ်အတွင်း အိဒလစ်ဘ်ခရိုင် အစိတ်အပိုင်း အများစုကို နတ်စ်ရာတပ်ဦး ပါဝင်တဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့  Army of Conquest က သိမ်းပိုက်ခဲ့ပါတယ်။ နတ်စ်ရာတပ်ဦးဟာ မေလတည်းက တခြားသူပုန်အုပ်စုတွေနဲ့အတူ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ နယ်မြေတွေ သိမ်းခဲ့ပါတယ်။ အိဒလစ်ဘ်မြို့ကို သိမ်းရင်း ဆီးရီးယား အနောက်ပိုင်းက အစိုးရထိန်းချုပ်ရာ အဓိကကျတဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ နီးကပ်လာနေပါတယ်။

More News
Up