Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ဆည်မြောင်းအရာရှိပိုင် ငါးကန်ကြောင့် လယ်ဧက ၇၀၀ စိုက်ပျိုးရန် အခက်ကြုံ
နေသွင်
·
June 21, 2011
ပဲခူး​တိုင်း​​၊​ လက်ပံတန်း​မြို့​နယ်ထဲမှာ ဆည်​မြောင်း​အရာရှိတ​ယောက်ပိုင်တဲ့​ ငါး​ကန်​တွေ​ကြောင့်​ လယ်ဧက (၇၀၀) နီး​ပါး​ မိုး​စပါး​စိုက်ပျိုး​ဖို့​ အခက်ကြုံ​နေရတယ်လို့​ လယ်သမား​တွေက ဆိုပါတယ်။ ပြီး​ခဲ့​တဲ့​ရက်​တွေမှာ မိုး​သည်း​ထန်ပြီး​နောက်ပိုင်း​ ဆည်​မြောင်း​ ဒုဦး​စီး​မှူး​ ဦး​စံမင်း​ရဲ့​ ငါး​ကန်​ဘောင်​တွေ​ကြောင့်​ ​ရေ​တွေ ထွက်​ပေါက်ပိတ်ပြီး​ အနီး​အနား​က လယ်​တွေ နှစ်မြုပ်ကုန်တာပါ။ ဒေသခံတ​ယောက်က “အဓိကက ဦး​စံမင်း​ရဲ့​ ငါး​ကန်​ဘောင်​တွေသာမရှိရင် သက်သာနိုင်တယ်​ပေါ့။ အဲဒါကို လယ်သမား​တွေစုပြီး​ လက်မှတ်ထိုး​ထား​တာ။ မိုး​အလွန်ကြီး​ပြီး​တော့​ ရာသီဥတု ​ဖောက်ပြန်တာအပြင် နိုင်ငံဝန်ထမ်း​တွေရဲ့​ ကိုယ်ကျိုး​ရှာမှုမှာ လယ်သမား​တွေကို လာထိခိုက်တာ​ပေါ့​” လို့​ ​ပြောပါတယ်။ ဧက (၃၀၀) ​ကျော်ရှိတဲ့​ အဲဒီငါး​ကန်​တွေကို ၂၀၀၄ ခုနှစ်တုန်း​က ဆည်​မြောင်း​ ဒုဦး​စီး​မှူး​ ဦး​စံမင်း​က လယ်သမား​တွေရဲ့​ လယ်​မြေ၊​ သက်ကယ်ကွင်း​၊​ အင်း​တွေကို အဓမ္မသိမ်း​ပြီး​ တူး​ဖော်ခဲ့​တာပါ။ မြေသိမ်း​စဉ်အချိန်ကစလို့​ ​မြေသိမ်း​ခံရတဲ့​၊​ လယ်သမား​တွေ၊​ သက်ကယ်ကွင်း​ ပိုင်ရှင်​တွေ၊​ အင်း​ပိုင်ရှင်​တွေဟာ အခုချိန်ထိ ကြုံရာကျပန်း​လုပ်စား​တဲ့​ ဘဝ ​ရောက်ရ​ပေမယ့်​ ဘယ်မှ မတိုင်ရဲကြဘူး​လို့​ သိရပါတယ်။ အခုတခါ ​ရေလွှမ်း​နေတဲ့​ ကိစ္စကို​တော့​ ရွာ (၂) ရွာက လယ်သမား​ (၁၀၀) နီး​ပါး​ လက်မှတ်ထိုး​ပြီး​ ပဲခူး​တိုင်း​ဒေသကြီး​ စိုက်ပျိုး​ရေး​နှင့်​ ​မွေး​မြူ​ရေး​ဝန်ကြီး​ ဦး​တင်စိုး​ထံ ဒီရက်ပိုင်း​မှာ စာပို့​ခဲ့​ကြပါတယ်။ အခုလို ပျိုး​ခင်း​တွေ ​ရေမြုပ်ပျက်စီး​ကုန်တဲ့​အတွက် မိုး​စပါး​စိုက် ဧက ၇၀၀ အချိန်မီ စိုက်ပျိုး​နိုင်​တော့​မှာ မဟုတ်တဲ့​အတွက် နိုင်ငံ​တော်အ​နေနဲ့​ ကူညီ​ဆောင်ရွက်​ပေး​ဖို့​ လက်ပံတန်း​မြို့​နယ်ထဲက မြန်မာ ကံမင်း​ ​ကျေး​ရွာ၊​ ကရင်ကန်က​လေး​ကျေး​ရွာက လယ်သမား​တွေက တိုင်ကြား​ခဲ့​ကြတာပါ။ ပြီး​ခဲ့​တဲ့​နှစ်က စပါး​ပေါ်ချိန်မှာ မိုး​မိပြီး​ မျိုး​စပါး​ရှား​ပါး​တာ၊​ စပါး​ဈေး​မ​ကောင်း​တာ​ကြောင့်​ လယ်သမား​တွေ ဝမ်း​စာ လုံလုံ​လောက်​လောက် မထား​နိုင်တဲ့​အ​ခြေအ​နေမှာ ​နောက်ထပ်ပြဿနာတခုနဲ့​ ကြုံ​နေရတာလည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024