Home
မြန်မာသတင်း
စင်ကာပူနှင့်ထိုင်းတွင် ကြိုတင်မဲပေးပွဲ အောက်တိုဘာလ စတင်မည်
DVB
·
September 11, 2015
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပွဲ တွေ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ လာမယ့် အောက်တိုဘာလလယ်ပိုင်း ကျင်းပမယ်လို့ သက်ဆိုင်ရာ သံရုံးတွေက ကြေညာထားပါတယ်။ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ အနေနဲ့ လာမယ့် အောက်တိုဘာ ၁၆၊ ၁၇ နဲ့ ၁၈ ရက်တွေမှာ  ကြိုတင်မဲ လာရောက်ပေးနိုင်တယ်လို့ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီခွဲအထိ၊ အောက်တိုဘာ ၁၇ ရက်နဲ့ အောက်တိုဘာ ၁၈ ရက်နေ့တွေမှာတော့ မနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ အချိန်တွင်း မဲရုံဖွင့်လှစ်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ပုံစံ (၁၅) တွေ လက်ခံဆောင်ရွက်ပေးနေတာကို အချိန်ထပ်တိုးပေးထားတဲ့အတွက် စက်တင်ဘာ ၁၇ ရက် ညနေထိ လက်ခံဆောင်ရွက်ပေးသွားမယ်လို့လည်း သံရုံးက ထပ်မံထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် ကြိုတင်ဆန္ဒမဲပေးမယ့်သူတွေ ပုံစံ (၁၅) နဲ့ နိုင်ငံကူးလက်မှတ် မိတ္တူတွေ သံရုံးကို လူကိုယ်တိုင် ဒါမှမဟုတ် စာတိုက်က မှတ်ပုံတင်စာနဲ့ ဖြစ်စေ သံရုံးအီးမေးလ် [email protected] ကိုဖြစ်စေ ပေးပို့လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာတော့ ကြိုတင်မဲပေးဖို့ လျှောက်ထားသူတွေ လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ မဲပေးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးမှာတော့ ကြိုတင်မဲပေးဖို့ လျှောက်ထားသူ ၁၄ ဦး လာရောက်မဲပေးဖို့ရှိတယ်လို့ ချင်းမိုင် ကောင်စစ်ဝန်ရုံး အမှုထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက မဲဆန္ဒရှင် ၂ သန်းလောက်ထဲက ကြိုတင်မဲပေးဖို့ သတ်မှတ်ရက် မကုန်ခင် လျှောက်ထားသူ ၁၈၀၀၀ ပဲ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာတွေကို ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024