ရုရှား စစ်လက်နက်ပစ္စည်း လက်တွေ့ပစ်ခတ်မှုပြပွဲ (ရုပ်သံ)

အခုနှစ် ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းပြပွဲကို ရုရှားနိုင်ငံအလယ်ပိုင်းက ညစ်ဇညီ တာဂီယို (Nizhny Tagil) မြို့မှာ စက်တင်ဘာ ၉ ရက်နေ့က စတင်ဖွင့်လှစ်ပြသခဲ့ပါတယ်။ ဒီစစ်လက်နက်ပစ္စည်း အရောင်းပြပွဲဟာ ၁၀ ကြိမ်မြောက် နိုင်ငံတကာ စစ်လက်နက်ပစ္စည်းပြပွဲလို့လည်း ခေါ်ဆိုတာပါ။ ၁၉၉၉ ခုနှစ်က စပြီး တနှစ်ကို ၂ ကြိမ် ကျင်းပလာခဲ့ပြီး တနှစ်ထက်တနှစ် ကြီးမားကျယ်ပြန့်လာတာပါ။ အခုနှစ်မှာ ပြပွဲဧရိယာအကျယ် စတုရန်းမီတာ ၇၀၀၀ လောက်ရှိပြီး တင့်ကားတွေနဲ့ အကြီးစားလက်နက်တွေကို လက်တွေ့ ပစ်ခတ်ပြသမှု အစီအစဉ်လည်း ပါဝင်ပါတယ်။ အခုနှစ်ပြပွဲကို နိုင်ငံတကာ အ၀ယ်တော်တွေ ၆၅ ဖွဲ့လောက် လာရောက်ကြည့်ရှုလေ့လာမယ်လို့လည်း ပြပွဲစီစဉ်သူတွေက မျှော်လင့်ထားကြပါတယ်။ ဒီပြပွဲမှာ ရုရှားကြည်းတပ်အတွက် နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ နာမည်ကျော် Armata တင့်ကားတွေကို ပထမဆုံး ပြသထားတာပါ။ ဒီတင့်ကားတွေကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က မော်စကိုမြို့တော်မှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ အခမ်းအနားမှာ တခါပဲ ထုတ်ပြထားတာပါ။ ဒီ Armata တင့်ကားတွေရဲ့ အမြောက်တင်ဆုံဟာ အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ပစ်ခတ်နိုင်ပြီး တင့်ကားတစီးလုံးကိုလည်း ထိန်းချုပ်သူမဲ့ တင့်ကားအဖြစ် ဒီဇိုင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ရုရှားကြည်းတပ်ရဲ့ အဓိကတင့်ကားဖြစ်တဲ့ T-72B တင့်ကားတွေထက် တိုက်ခိုက်မှုစွမ်းရည် ၄ ဆ သာလွန်တယ်လို့လည်း တင့်ကားဒီဇိုင်းဌာနက ပြောဆိုပါတယ်။ ၂၀၁၅ မှာ စီးပွားဖြစ်ထုတ်လုပ်မှာဖြစ်ပြီး လက်ရှိ ရုရှားတင့်ကားတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ၂၀၂၀ အတွင်း အစီး ၂၃၀၀ နဲ့ အစားထိုး လဲလှယ်သွားဖို့ ရုရှားတပ်မတော်က စီစဉ်နေတာပါ။ ဒီပြပွဲဟာ ရုရှားနိုင်ငံထုတ် စစ်လက်နက်တွေကို စိတ်ဝင်စားတဲ့ ပြည်တွင်းဈေးကွက်အတွက်ရော၊ နိုင်ငံတကာဈေးကွက် အတွက်ပါ ရည်ရွယ်ပြသတာလို့ ရုရှားအာဏာပိုင်တွေက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up