မြန်မာနိုင်ငံ၏ တရားမ၀င်ငွေကြေး စီးဆင်းမှု ဒေါ်လာ ဘီလီယံ ၁၀၀ ခန့်ရှိနေ

1.7K
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း လာဘ်စားမှု၊ ရာဇ၀တ်မှု၊ အခွန် ရှောင်မှုတွေနဲ့ ဆက်နွှယ်ပြီး တရားမ၀င်ငွေကြေး စီးဆင်းမှု ပမာဏ အမေရိကန် ဒေါ်လာဘီလီယံ ၁၀၀ နီးပါးရှိခဲ့တယ်လို့ အမေရိကန်အခြေစိုက် နိုင်ငံတကာ ငွေကြေးခ၀ါချမှုစောင့်ကြည့်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဝါရှင်တန် အခြေစိုက် Global Financial Integrity (GFI) အဖွဲ့က ၁၉၆၀ ကနေ ၂၀၁၃ ခုအတွင်း မြန်မာနိုင်ငံရဲ့ တရားမ၀င် ဥပဒေပြင်ပ ငွေးကြေးအ၀င်အထွက်အခြေအနေတွေကို စောင့်ကြည့်လေ့လာထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
အစီရင်ခံစာပါ လေ့လာတွေ့ရှိချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကနေ တရားမ၀င်ငွေကြေး ကန်ဒေါ်လာ ၁၈ ဒသမ၇ ဘီလီယံ ယိုစီးထွက်သွားပြီး စီးဝင်ငွေကတော့ စုစုပေါင်း ကန်ဒေါ်လာ ၇၇ဒသမ၇ ဘီလီယံကျော်ရှိတယ်လို့ဆိုပါတယ်။
တရားမ၀င် ငွေကြေးစီးထွက်ငွေပမာဏဟာ ပျမ်းမျှ မြန်မာနိုင်ငံ ဂျီဒီပီရဲ့ ၆ ဒသမ၅ ရာခိုင်နှုန်းရှိပြီး ငွေကြေးစီးဝင်မှုပမာဏကတော့ တိုင်းပြည်ဂျီဒီပီရဲ့ ၁၄ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။
ကုန်ပို့လွှာတွေ အတုလုပ်ပြီး ဥပဒေပြင်ပကုန်သွယ်မှုကနေ ငွေကြေးစီးဝင်မှုဟာ မြန်မာနိုင်ငံရဲ့ တရား မ၀င်ငွေကြေးစီးဝင်မှု စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းရှိတယ် လို့ဆိုပါတယ်။
ဒါ့အပြင် တရားမ၀င် ငွေကြေးစီးဆင်းမှုကြောင့် တိုင်းပြည်အခွန်ဘဏ္ဍာငွေဆုံးရှုံးမှုဟာလည်း ပြည်သူ့ကျန်းမာရေး အသုံးစရိတ်ထက်ပိုများပြီး ကျန်းမာရေး အသုံးစရိတ်ရဲ့ ၁၇၂ ရာခိုင်နှုန်း၊ ပညာရေးအသုံးစရိတ်ရဲ့ ၇၃ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
အစီရင်ခံစာထုတ်ပြန်တဲ့ GFI အဖွဲ့ ဥက္ကဋ္ဌ ရေမွန်ဘေကာကတော့ ဒီတွေ့ရှိမှုဟာ တရား မ၀င်ငွေတွေ တိုင်းပြည်ကနေ စီးထွက်နေတာကို ထိန်းချုပ်ဖို့ မြန်မာအစိုးရအနေနဲ့ ထိရောက်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ ချမှတ်စဉ်းစားလုပ်ဆောင်ဖို့ တွန်းအားဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
“မြန်မာနိုင်ငံမှာ တရားမ၀င်ငွေကြေး စီးဆင်းမှုနဲ့ပတ်သက်ပြီး အရမ်းကိုစိုးရိမ်စရာ အရေးကြီးတဲ့ ပြဿ နာရှိနေတယ်။ ဒါကိုလျော့ချဖို့အတွက် လာမယ့် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမယ့်အစိုးရက ဦးစားပေးကိုင်တွယ်သင့်တယ်။”
တရားမ၀င်ငွေစီးဆင်းမှုကြောင့် တိုင်းပြည်စီးပွားရေး တိုက်ရိုက်ဆုံးရှုံးမှုအပြင် ဒီငွေတွေဟာ ဥပဒေပြင်ပ မှောင်ခိုစီးပွားရေးလည်ပတ်စေတာ၊ ရာဇ၀တ်မှုတွေနဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို အားပေးရာရောက်စေပြီး အစိုးရရဲ့ နိုင်ငံတော်ဘဏ္ဍာဝင်ငွေတွေကို ဆုံးရှုံးနစ်နာစေတယ်လို့လည်း ပြောပါတယ်။
လာမယ့် မြန်မာအစိုးရသစ်အနေနဲ့ ဒီပြဿ နာကို ကိုင်တွယ်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်ဖို့နဲ့ ဥပဒေပြင်ပ ငွေကြေး လွှဲပြောင်းလုပ်နေတဲ့ လမ်းကြောင်းတွေကို ပိတ်သိမ်းဖို့ အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ဖို့ GFI အဖွဲ့က အကြံပြုထားပါတယ်။