အနားပေးခဲ့သည့် ၀န်ကြီး ၃ ဦး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ကြမည်
DVB
·
September 10, 2015
ဦးသိန်းစိန်အစိုးရလက်ထက် အနားပေးခဲ့တဲ့ ၀န်ကြီး ၃ ဦး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ ၀င်ရောက် အရွေးခံကြမှာ ဖြစ်ပါတယ်။
ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်းက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဟောင်း ဦးဇော်မင်းက မကွေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးခင်မောင်မြင့်က စစ်ကိုင်မြို့တို့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ကြမယ်လို့ ချောင်းဦးပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးစောလှထွန်းက ပြောပါတယ်။
“စစ်ကိုင်းတိုင်းမှာတော့ အဘ ဦးခင်မောင်မြင့် တယောက်ပဲ ရှိပါတယ်၊ ဦးသိန်းထွန်းကတော့ ဇာတိဖြစ်တဲ့ မြိုင်၊ ဦးဇော်မင်းက မကွေး၊ သူတို့ နှစ်ယောက်စလုံးက မကွေးဇာတိတွေဖြစ်လို့ မကွေးတိုင်းထဲက ၀င်ပြိုင်ကြမှာပါ။”
ဦးသိန်းစိန် အနားပေးခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့တော့ ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။
အာဏာရပါတီအတွင်းက လက်ရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီး အတော်များများလည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေအဖြစ် ၀င်ရောက်အရွေးခံကြပြီး ဒီထဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ၂ ဦးကိုတော့ ပါတီက နေရာမပေးတဲ့အတွက် ကယားပြည်နယ်မှာ တသီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြပါတယ်။