A d v e r t i s e m e n t With Us

ဂျပန်တွင် မိုးကြီး မြေပြိုမှုကြောင့် လူ ၁ ဦးသေဆုံး (ရုပ်သံ)

ဂျပန်နိုင်ငံ တိုကျိုမြို့ မြောက်ပိုင်းက မြို့တွေမှာ နေ့စဉ်ရက်ဆက် မိုးကြီးပြီး မြစ်ကမ်းပါးတွေ ပြိုခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ထောင်သောင်းချီနေတဲ့ လူတွေ သောင်တင်နေတယ်လို့ ဂျပန်မီဒီယာက စက်တင်ဘာ ၁၀ ရက်နေ့က ကြေညာပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတော့ မကြုံစဘူး မိုးသည်းထန်မှုတွေကို သတိပေးခဲ့တာပါ။ လူအယောက် ၉ သောင်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပြီး လူဦးရေတိုးလာဖို့ မျှော်လင့်ထားပါတယ်။ ရေဘေးသင့် ဒေသတွေနဲ့ဆိုင်တဲ့ ကပ်ဘေး ကြိုတင်ကာကွယ်ရေး အရာရှိတွေက ရေကြီးမှုနယ်ပယ် ကျယ်လွန်းလို့ အခြေအနေကို အပြည့်အဝ ဆုပ်ကိုင်နိုင်မှု မရှိသေးဘူးလို့ ပြောတဲ့အကြောင်း ဂျပန်မီဒီယာက အစီရင်ခံပါတယ်။ တိုကျိုမြောက်ပိုင်းက အိဘရခိနဲ့ တိုချိငိခရိုင် အစိတ်အပိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် လက်မ ၂၀ ကျော် ရွာခဲ့တယ်လို့ အစိုးရရုပ်သံ အန်အိတ်ခ်ျကေက ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်း အဲတအုက ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်အပြီး အပူပိုင်း လေဖိအားနည်းရပ်ဝန်း အဆင့်ကို ပြန်လျော့ကျသွားခဲ့ပေမယ့် နိုင်ငံအစိတ်အပိုင်း အများအပြားမှာ နေ့စဉ်ရက်ဆက် မိုးသည်းခဲ့တာပါ။ ဒါကြောင့် ခိနုမြစ် အပါအဝင် ဒေသတွင်း ဖြတ်စီးတဲ့ မြစ်တွေ ကမ်းပါးကျိုးပေါက်ခဲ့လို့ မြေနိမ့်ဒေသက အိမ်တွေ၊ မြို့တွေ ရေမြုပ်ခဲ့ပါတယ်။ ပြည်သူတွေ ဘေးကင်းရေးနဲ့ ကပ်ဘေးကာကွယ်ရေးကို ထိပ်တန်း ဦးစားပေးအဖြစ် အစွမ်းကုန် လုပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျိုမြို့မှာ သတင်းထောက်တွေကို စက်တင်ဘာ ၁၀ ရက်နေ့က ပြောပါတယ်။ အိဘရခိခရိုင်မှာတော့ ကယ်ဆယ်ရေးအတွက် အကူအညီပေးဖို့ ဂျပန် တကိုယ်တော်ကာကွယ်ရေးတပ်ကိုပါ တောင်းဆိုခဲ့ရပါတယ်။ တောင်ပေါ်ဒေသတွေမှာလည်း မြေပြိုမှုကြောင့် အိမ်ပြိုကျခဲ့ပြီး အမျိုးသမီးတဦး ပျောက်နေပါတယ်။ သည်းထန်တဲ့ မိုးတွေ မြောက်ဘက်ကို ဖြည်းဖြည်းချင်း ရွေ့မယ်၊ ရေကြီးမြေပြိုမှုတွေ စက်တင်ဘာ ၁၀ ရက် နှောင်းပိုင်းနဲ့ ၁၁ ရက်နေ့တွေမှာ ဆက်ဖြစ်မယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up