ဆီးရီးယား နောက်ဆုံးလေတပ် အခြေစိုက်စခန်းကို သူပုန်အဖွဲ့သိမ်းပိုက် (ရုပ်သံ)

10K
အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်တဲ့ ဆီးရီးယားသူပုန်အဖွဲ့တွေက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက အစ်ဒလစ်ဘ်ပြည်နယ်ရဲ့ နောက်ဆုံးလေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်ရရှိသွားကြတယ်လို့ ဆီးရီးယားအစိုးရရုပ်သံက စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာပါတယ်။
အပူအယ်ဒူဟာ လေတပ်အခြေစိုက်စခန်းဟာ အစ်ဒလစ်ဘ်ပြည်နယ်ထဲမှာ ဆီးရီးယားအစိုးရရဲ့ နောက်ဆုံးခြေကုပ်စခန်း ဖြစ်ပါတယ်။
ဒီစခန်းကို သိမ်းပိုက်နိုင်လိုက်တာကြောင့် ပြည်နယ်တခုလုံးနီးပါးဟာ ဆီးရီးယားသူပုန်တွေလက်အောက် ကျရောက်သွားပြီ ဖြစ်ပါတယ်။
အယ်နစရာတပ်ဦး အပါအ၀င် ဆီးရီးယားသူပုန်ညွန့်ပေါင်းအဖွဲ့က အခုရက်ပိုင်းအတွင်း ကျရောက်နေတဲ့ သဲမုန်တိုင်း အကာအကွယ်နဲ့ သိမ်းပိုက်ရရှိသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
အစ်ဒလစ်ဘ်ပြည်နယ်မြို့တော် အပါအ၀င် ပြည်နယ်ထဲက အဓိကကျတဲ့ မြို့ကြီးတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက သူပုန်အဖွဲ့တွေက သိမ်းပိုက်ခဲ့ကြတာပါ။
သြဂုတ်လကုန်ပိုင်းကစပြီး လေဆိပ်အ၀င်ဂိတ်ကို အသေခံဗုံးခွဲပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီး လေဆိပ်ပတ်ဝန်းကျင်တွေကို အရင်သိမ်းပိုက်ခဲ့ကြတာပါ။
ဆီးရီးယားစစ်တပ်က ဆုတ်ခွာပေးခဲ့ပြီး တခြားတနေရာကို ပြောင်းရွှေ့ထားတယ်လို့ နိုင်ငံပိုင်ရုပ်သံဌာနက ကြေညာပါတယ်။
ဒီလေဆိပ်ကျသွားပြီဖြစ်လို့ ပြည်နယ်ထဲက အစိုးရစစ်တပ်တွေ လုံးဝတိုက်ထုတ်နိုင်ခဲ့ပြီး ဟစ်ဇ်ဘိုလာနဲ့ အစိုးရထောက်ခံတဲ့ ပြည်သူ့စစ်တချို့ ထိန်းချုပ်တဲ့ ရှီးယားမွတ်စလင်ရွာတချို့ပဲ ကျန်တော့တာပါ။