Live
Home
ဆောင်းပါး
ကရင်စစ်တပ်ချင်း ညီညွတ်တာကို ဖေဖေ ဂုဏ်ယူလိမ့်မယ်
DVB
·
June 21, 2011
ကရင်အမျိုး​သား​အစည်း​အရုံး​နဲ့​ တိုင်း​ရင်း​သား​လူမျိုး​စု အဖွဲ့​အစည်း​တွေ ရှုံး​နိမ့်​နေပြီ၊​ အတိုက်ခံရလို့​ ရှုံး​တော့​မယ် ဆိုတဲ့​ သတင်း​တွေ ထွက်တာ ဘယ်နှကြိမ်ရှိပြီလဲ- ကျမ မမှတ်မိ​တော့​ပါဘူး​။ ၁၉၅၀ ပြည့်​နှစ်မှာ ဗိုလ်ချုပ်ကြီး​နေဝင်း​က ကရင်​သောင်း​ကျန်း​သူ​တွေကို အဲဒီနှစ် ​မေလမှာ အပြီး​သတ် ​ချေမှုန်း​မယ်လို့​ နိုင်ငံတကာ သတင်း​မီဒီယာ​တွေကို ကြွား​လုံး​ထုတ်ဖူး​ပါတယ်။ နယူး​ယောက်တိုင်း​ သတင်း​စာက အဲသည်သတင်း​ ​ဖော်ပြခဲ့​ပါတယ်။ နောက် ၆၁ နှစ် ကြာပြီး​တဲ့​အချိန်မှာ ကရင်အမျိုး​သား​အစည်း​အရုံး​ (ကေအန်ယူ) ဟာ ​ချေမှုန်း​ခံရလုနီး​ပါး​ ဖြစ်​နေပြီလို့​ ​ကေအန်ယူကို နှစ်​ပေါင်း​များ​စွာ ​တောက်​လျှောက် ​ဝေဖန်လာတဲ့​ အက်ရှ်​လေ ​ဆောက် (သ်) က သူ့​ရဲ့​ ၂၀၁၁ ခုနှစ် အစီရင်ခံစာမှာ ​ရေး​သား​လိုက်ပြန်ပါပြီ။ ကိုယ့်​ကိုယ်ကိုယ် ကျွမ်း​ကျင်သူပညာရှင်လို့​ သတ်မှတ်ထား​သူ​တွေနဲ့​ သတင်း​သမား​တွေက ဒီလို ​ရေး​သား​ဖော်ပြ​နေတာဟာ ကျမတို့​ရဲ့​ တိုက်ပွဲဝင်ရုန်း​ကန်မှု​တွေအ​ပေါ် အ​ကောင်း​မမြင်လို့​ ဖြစ်ပါတယ်။ မှန်ပါတယ်- ကျမတို့​မှာ အ​ခြေအ​နေဆိုး​တဲ့​ ကာလ​တွေ ရှိခဲ့​ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျမရဲ့​ဖခင် ကရင်အမျိုး​သား​အစည်း​အရုံး​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ပဒိုမန်း​ရှာ လုပ်ကြံခံခဲ့​ရပါတယ်။ လူသတ်သမား​တွေရဲ့​ လုပ်ကြံရမယ့်​ လူစာရင်း​ထဲမှာ ​ကေအန်ယူ ခေါင်း​ဆောင်​တွေရဲ့​ နာမည်​တွေ ပါ​နေခဲ့​ပါတယ်။ အာဏာရှင်အစိုး​ရက ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေသစ်တခုကို ပြဋ္ဌာန်း​ပြီး​ တိုင်း​ရင်း​သား​တွေရဲ့​ အခွင့်​အ​ရေး​နဲ့​ ကာကွယ်ခွင့်​ ရရှိ​ရေး​ ​တောင်း​ဆိုချက်​တွေကို လျစ်လျူရှုလိုက်ပါတယ်။ ​နောက်ပြီး​ အပစ်ရပ် တိုင်း​ရင်း​သား​ လက်နက်ကိုင် အင်အား​စု​တွေကိုလည်း​ လုံး​ဝလက်နက်ချဖို့​ ​တောင်း​ဆိုထား​ပါတယ်။ ရှမ်း​ပြည်နယ်နဲ့​ ကရင်နီပြည်နယ်မှာ စစ်အာဏာရှင်ဘက်က စစ်တပ်​တွေ တိုး​မြှင့်​ချထား​ခဲ့​တယ်။ ၂၀၀၉ ခုနှစ်မှာဆိုရင် တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) နဲ့​ မြန်မာစစ်အစိုး​ရတပ်​တွေဟာ အ​ရေး​ပါတဲ့​ ​ကေအန်ယူ အ​ခြေစိုက်စခန်း​နဲ့​ နီး​စပ်တဲ့​ ထိုင်း​-မြန်မာနယ်စပ်မှာ တိုး​မြှင့်​တပ်စွဲလာပါတယ်။ ဒါ​တွေက အ​ခြေအ​နေဆိုး​ခဲ့​တဲ့​ ကာလက ဖြစ်ရပ်​တွေပါ။ ဒါ​ပေမယ့်​ အခု​တော့​ အ​ခြေအ​နေက ​ကောင်း​တဲ့​ဘက်ကို ​ရောက်လာပါပြီ။ ဒီ​ကေဘီ​အေ တပ်မဟာ ၅ က မြန်မာစစ်တပ်​အောက်မှာ ​နေရမယ့်​ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို ငြင်း​ဆိုလိုက်ပါတယ်။ သည်ငြင်း​ဆိုမှု​ကြောင့်​ ဒီ​ကေဘီ​အေ ပြိုကွဲသွား​ပါတယ်။ နယ်ခြား​စောင့်​တပ် ဖြစ်သွား​တဲ့​ ဒီ​ကေဘီ​အေ ပင်မအုပ်စုဟာ မြန်မာစစ်တပ်က အင်အား​လျှော့​လိုက်တဲ့​အတွက် အကြီး​အကျယ် အင်အား​ချည့်​နဲ့​သွား​ပါပြီ။ ဗမာတပ်မှူး​တွေ အမိန့်​ပေး​တာကို စိတ်မချမ်း​မြေ့​တဲ့​ ဒီ​ကေဘီ​အေစစ်သား​တွေဟာ ခု​တော့​ ​ကေအန်ယူဘက်ကို ​နေ့​စဉ် ဘက်​ပြောင်း​လာ​နေပါတယ်။ နောက်ထပ်တခုက​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေရဲ့​ နိုင်ငံ​ရေး​-စစ်​ရေး​ မဟာမိတ်အဖွဲ့​သစ်တခုဖြစ်တဲ့​ ‘ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ’ ​ပေါ်​ပေါက်လာတာပါပဲ။ ဒါဟာ နှစ်​ပေါင်း​ ၂၀ နီး​ပါး​အတွင်း​ မြန်မာတနိုင်ငံလုံး​က တိုင်း​ရင်း​သား​ လက်နက်ကိုင် နိုင်ငံ​ရေး​အဖွဲ့​အစည်း​တွေ ပထမဆုံး​အကြိမ် ညီညွတ်မှုရရှိတာ ဖြစ်ပါတယ်။ မကြာ​သေး​ခင်ကဆိုရင် ကရင်အမျိုး​သား လွတ်​မြောက်​ရေး​တပ်မ​တော် ​ကေအန်အယ်လ်​အေ တပ်မ​တော်သား​တွေဟာ ၁၉၉၅ တုန်း​က ဆုံး​ရှုံး​ခဲ့​တဲ့​ ​ကေအန်ယူဌာနချုပ် ​နေရာ မာနယ်ပ​လောကို ​ရောက်ရှိသွား​ကြပါပြီ။ ဒီလို ထင်ရှား​တဲ့​ ​ပြောင်း​လဲတိုး​တက်မှု​တွေနဲ့​ ပတ်သက်လို့​ ကျမရဲ့​ဖေ​ဖေက ဘယ်လို ယူဆမလဲလို့​ လူ​တွေက ကျမကို ​မေး​ကြပါတယ်။ ကျမလည်း​ အတိအကျ​တော့​ မ​ပြောတတ်ပါဘူး​။ ​ဖေ​ဖေဟာ အ​တွေ့​အကြုံနဲ့​ အသိ ဥာဏ်ကြွယ်ဝသူဖြစ်ပြီး​ သူ့​ဆုံး​ဖြတ်ချက်​တွေနဲ့​ အမြင်​တွေဟာ ခိုင်မာတဲ့​ သ​ဘောတရား​တွေ​ပေါ်မှာ အ​ခြေခံတယ်ဆိုတာ​တော့​ ကျမသိပါတယ်။ ကေအန်ယူအတွက် ကျမ​ဖေ​ဖေ ​ဆောင်ရွက်သွား​တဲ့​အထဲမှာ ကရင်အချင်း​ချင်း​ ​သွေး​စည်း​ရေး​၊​ တိုင်း​ရင်း​သား​တွေအချင်း​ချင်း​ ညီညွတ်​ရေး​၊​ ပြီး​တော့​ မြန်မာပြည်သူအား​လုံး​ ​သွေး​စည်း​ညီညွတ်​ရေး​ အများ​ကြီး​ပါတယ်။ အား​လုံး​လွတ်​မြောက်​ရေး​အတွက် အား​လုံး​ လက်တွဲလုပ်ကိုင်ရမှာ ဖြစ်ပြီး​ စစ်အာဏာရှင်ရဲ့​ ​သွေး​ခွဲမှုကို မခံရဖို့​ လိုတယ်ဆိုတာ ​ဖေ​ဖေသိပါတယ်။ တိုင်း​ရင်း​သား​အချင်း​ချင်း​ ညီညွတ်​ရေး​ကို မြှင့်​တင်​ရေး​အတွက် ​ဖေ​ဖေဟာ အသက်ကို ပဓာနမထား​ဘဲ မြန်မာပြည်အနှံ့​ ခရီး​ထွက်ခဲ့​ပါတယ်။ ၁၉၈၈ အ​ရေး​တော်ပုံ​နောက်မှာ မြို့​ပြကိုစွန့်​လာတဲ့​ ​ကျောင်း​သား​တွေကို ​ကေအန်ယူဘက်က အ​ထောက်အပံ့​ ခိုလှုံမှု ​ပေး​ဖို့​လည်း​ အခိုင်မာဆုံး​ ​ထောက်ခံ​ပြောကြား​ခဲ့​ပါ တယ်။ ဖေ​ဖေမြင်​တွေ့​ချင်တာဟာ ညီညွတ်မှုပါ။ မတူကွဲပြား​မှု​တွေ ရှိတဲ့​ကြား​က လက်တွဲလုပ်​ဆောင်ဖို့​၊​ မတူကွဲပြား​ပေမယ့်​ တန်း​တူခွင့်​ရှိဖို့​၊​ လွတ်​မြောက်​ရေး​အတွက် ရင်​ပေါင်တန်း​ပြီး​ ​နေထိုင်​ဆောင်ရွက်သွား​ဖို့​ပါပဲ။ ကေအန်ယူနဲ့​ ဒီ​ကေဘီ​အေကြား​မှာ ပြဿနာမရှိဘူး​။ တကယ်တမ်း​ ပြဿနာရှိ​နေတာက ကရင်နဲ့​ မြန်မာစစ်အာဏာရှင်အကြား​မှာ ဖြစ်တယ်လို့​ ​ဖေ​ဖေ​ပြော​လေ့​ရှိပါတယ်။ ကရင်​တွေကို ​သွေး​ခွဲတာ စစ်အာဏာရှင်​တွေပဲလို့​ ​ဖေ​ဖေက ​ပြောပါတယ်။ ဒီ​ကေဘီ​အေကို ထူ​ထောင်ပြီး​ ကြိုး​ကိုင်တာ သူတို့​ပဲ။ အကယ်၍ ဒီ​ကေဘီ​အေ​တွေ ပြန်လာချင်တယ်ဆိုရင်၊​ မြန်မာစစ်အစိုး​ရ​နောက် မလိုက်​တော့​ဘဲ စွန့်​ခွာလာရင်၊​ မူး​ယစ်​ဆေး​ဝါး​နဲ့​ မပတ်သက်​တော့​ဘူး​ဆိုရင်၊​ ပြည်သူ​တွေကို မနှိပ်စက်မညှဉ်း​ပန်း​တော့​ဘူး​ဆိုရင် အချိန်မ​ရွေး​ ပြန်လာနိုင်တယ်လို့​ ​ဖေ​ဖေ ​ပြောခဲ့​ပါတယ်။ ဒီ​ကေဘီ​အေ ပြိုကွဲမှုနဲ့​အတူ ဖြစ်ထွန်း​လာတာ​တွေကို ​ဖေ​ဖေကြိုဆိုမှာ သံသယဖြစ်စရာ မလိုပါဘူး​။ ခုဆိုရင် ဒီ​ကေဘီ​အေစစ်သား​ အများ​အပြား​ဟာ စစ်အာဏာရှင်အလိုကျ ပြည်သူ​တွေကို ဖိနှိပ်မယ့်​အစား​ သူတို့​ရဲ့​ ပြည်သူ​တွေအတွက် တိုက်ပွဲဝင်​နေကြပါပြီ။ ဒီ​ကေဘီ​အေ တပ်မဟာ ၅ က ရဲ​ဘော်​တွေဟာ ​ကေအန်အယ်လ်​အေနဲ့​ ပူး​ပေါင်း​နေပါပြီ။ ဒီ့​ထက်ပိုပြီး​ကြီး​မား​တဲ့​ ညီညွတ်​ရေး​နဲ့​ ပူး​ပေါင်း​ဆောင်ရွက်မှု ဖြစ်ထွန်း​သွား​ဖို့​လည်း​ ​ဖေ​ဖေက​တော့​ အား​ပေး​မှာ အမှန်ပါ။ ဒါ​ပေမယ့်​ ​ဖေ​ဖေ အ​လေး​ထား​စိုး​ရိမ်မှာ​တွေလည်း​ ရှိမယ်လို့​ ကျမထင်ပါတယ်။ လက်ကျန် ဒီ​ကေဘီ​အေဟာ စစ်သည်၊​ လက်နက် ​လျော့​နည်း​သွား​လို့​ အား​နည်း​သွား​တာကို လူတချို့​က ​ကျေနပ်​ကောင်း​ ​ကျေနပ်လိမ့်​မယ်။ စစ်အာဏာရှင်ကို ကိုယ်စား​ပြုပြီး​ ဆိုး​ရွား​တဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ကျူး​လွန်မှုအတွက် ဒီ​ကေဘီ​အေမှာ တာဝန်ရှိပါတယ်။ သို့​ပေမယ့်​ ဒီကျူး​လွန်မှု​တွေအတွက် ​ခေါင်း​ဆောင်ပိုင်း​မှာပဲ တာဝန်ရှိပါတယ်။ သာမန် ရဲ​ဘော်​တွေမှာ တာဝန်မရှိပါဘူး​။ ကျမ​တွေ့​ဖူး​တဲ့​ ဘက်​ပြောင်း​လာသူတ​ယောက်ဆိုရင် အသိဥာဏ် ဗဟုသုတ နည်း​နည်း​လေး​ပဲ ရှိရှာပါတယ်။ ဒီ​ကေဘီ​အေ ဒီလိုပြုမူ​နေတာဟာ စစ်အာဏာရှင်အတွက်ပဲ ဆိုတာကို​တောင် သူမသိပါဘူး​။ ဒီလိုလူမျိုး​တွေကို မြန်မာစစ်တပ်က ဝါး​မြိုသွား​ပြီး​ ကရင်ပြည်သူ​တွေကို တိုက်ခိုင်း​တာမျိုး​ကို ​ဖေဖေမြင်ချင်မှာ မဟုတ်ပါဘူး​။ ​ကေအန်ယူနဲ့​ ပြန်​ပေါင်း​စည်း​ပြီး​ ပြည်သူ​တွေကို ကာကွယ်ဖို့​ ကူညီတာပဲ ​ဖေ​ဖေ ဖြစ်​စေချင်တာပါ။ မြန်မာဖက်ဒရယ်ပြည်​ထောင်စု ​ပေါ်ထွန်း​ရေး​အတွက် ​ဖေ​ဖေဟာ မမောနိုင်မပန်း​နိုင် အလုပ်လုပ်သွား​ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီ တပ်​ပေါင်း​စုထဲက​နေ ​ဆောင်ရွက်သွား​တာပါ။ တိုင်း​ရင်း​သား​အဖွဲ့​တွေ အန်ဒီအက်ဖ်နဲ့​ သ​ဘောတူညီမှုကို ချိုး​ဖောက်ပြီး​ စစ်အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​လိုက်တုန်း​က ​ဖေ​ဖေ သိပ်စိတ်ထိခိုက်ခဲ့​ပါတယ်။ စစ်သား​တွေဟာ ကချင်​တွေကို မတိုက်ရ​တော့​ဘဲ ကရင်ပြည်နယ်နဲ့​ ကရင်နီပြည်နယ်ဘက်ကို ဖိလာကြပြီး​ ကျမတို့​ရဲ့​ကျေး​ရွာ​တွေကို တိုက်ခိုက်လာတဲ့​အတွက် လူအများ​က အမျက်​ဒေါသ ထွက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ယုံကြည်မှုကင်း​မဲ့​မှုအ​မွေကို ချန်ထား​ရစ်ခဲ့​ပါတယ်။ အခု ယူအန်အက်ဖ်စီ ‘ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ’ ​အောင်​အောင်မြင်မြင် ဖြစ်သွား​ရင်​တော့​ ဒီအခက်အခဲကို ​ကျော်လွှား​သွား​ရမှာပါ။ အန်ဒီအက်ဖ်ကို ​ကျောခိုင်း​သွား​သူ​တွေ ပြန်လည်​ပေါင်း​စည်း​ရမယ့်​အစား​ အဖွဲ့​အစည်း​သစ်တခုကို တည်​ထောင်ရတာလဲလို့​ ​ဖေ​ဖေ ​တွေး​ကောင်း​ ​တွေး​နေပါလိမ့်​မယ်။ ယူအန်အက်ဖ်စီဟာ တိုင်း​ရင်း​သား​ညီညွတ်​ရေး​ကို ​ဖော်​ဆောင်မယ်ဆိုရင်​တော့​ ​ဖေ​ဖေဝမ်း​မြောက်မှာ မလွဲပါဘူး​။ နှစ်​ပေါင်း​များ​စွာ မပူး​ပေါင်း​ခဲ့​တဲ့​ တိုင်း​ရင်း​သား​နိုင်ငံ​ရေး​ အဖွဲ့​အစည်း​တွေဟာ အခု ပြန်ပြီး​ ပူး​ပေါင်း​ဆောင်ရွက်လာပါပြီ။ ဒါ​ပေမယ့်​ ​ရှေ့​ကို ခရီး​ဝေး​ ဆက်ရဦး​မယ်ဆိုတာလည်း​ အမှန်ပါပဲ။ ဖက်ဒရယ်ပြည်​ထောင်စုအ​ရေး​နဲ့​ ပတ်သက်လို့​ မြန်မာပြည်သား​ အချင်း​ချင်း​ အသိဥာဏ်ပညာချင်း​ ဖလှယ်ကြဖို့​ အလွန့်​အလွန် လိုအပ်​နေပါတယ်။ ကျမတို့​အချင်း​ချင်း​ တဦး​အ​ခြေအ​နေကို တဦး​ နား​လည်ကြဖို့​ လိုပါတယ်။ တဦး​အပေါ်တဦး​ မတူကွဲပြား​မှု​တွေကို နား​လည်သီး​ခံပြီး​ အပြန်အလှန်​လေး​စား​မှုရှိရပါမယ်။ ဒါဟာ စစ်မှန်တဲ့​ညီညွတ်မှု တည်​ဆောက်နိုင်မယ့်​ နည်း​လမ်း​ပါပဲ။ လက်ရှိအ​ခြေအ​နေကို ​ဖေ​ဖေသာဆိုရင် ဘယ်လိုများ​ ခြုံပြီး​ သုံး​သပ်မှာပါလိမ့်​။ သူသာဆိုရင် သတိထား​မယ်၊​ ဒါ​ပေမယ့်​ အ​ကောင်း​မြင် သ​ဘောထား​နဲ့​ ​မျှော်လင့်​ချက်ထား​မယ်လို့​ ကျမ ထင်ပါတယ်။ ဒီညီညွတ်​ရေး​အသစ်နဲ့​ အခွင့်​အလမ်း​သစ်အ​ပေါ်မှာ အ​ခြေခံပြီး​ တည်​ဆောက်နိုင်ဖို့​ ပြင်း​ပြင်း​ထန်ထန် ကြိုး​ပမ်း​သွား​ပါလိမ့်​မယ်။ ဗမာတိုင်း​ရင်း​သား​တွေ ဦး​ဆောင်တဲ့​ အဖွဲ့​အစည်း​တွေနဲ့​လည်း​ ဆက်ပြီး​ လက်တွဲ​ရေး​ကို အခိုင်အမာ ​တောင်း​ဆိုသွား​ပါလိမ့်​မယ်။ ဒါဟာ ဖက်ဒရယ်ပြည်​ထောင်စု​ရေး​အတွက် သ​ဘောတူညီချက်ရဖို့​ လိုအပ် ချက်တရပ်လည်း​ ဖြစ်ပါတယ်။ ပြီး​တော့​ ကရင်အမျိုး​သား​အစည်း​အရုံး​ရဲ့​ ပထမဦး​ဆုံး​ ဥက္ကဋ္ဌဖြစ်တဲ့​ ​စောဘဦး​ကြီး​ရဲ့​ လမ်း​ညွှန်မှာကြား​ချက်​တွေကို စွန့်​လွှတ်မှာပဲလို့​ ကျမတို့​အ​ပေါ် အစဉ်တစိုက် ​ဟောကိန်း​ထုတ်​နေတဲ့​ အဆိုး​မြင်ဝါဒီ​တွေကိုလည်း​ ​ဖေ​ဖေဟာ သတိ​ပေး​နေမှာပဲလို့​ ကျမယုံကြည်ပါတယ်။ အဲဒါက​တော့​ “လက်နက်ချစကား​ လုံး​ဝ မ​ပြောရ” ဆိုတဲ့​ စကား​ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024