ဆူဒန် ဒုက္ခသည်နှင့် ကလေးစစ်သားဟောင်း၏ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က သူတို့ဆီက ဘွဲ့ရခဲ့တဲ့ ဆူဒန်ဒုက္ခသည်နဲ့ ကလေးစစ်သားဟောင်း ဒန် သိအိတ် အေဒွတ်ရဲ့ ဇာတ်လမ်းကို ပြန်ပြောပြထားတဲ့ ရုပ်သံကို စက်တင်ဘာ ၃ ရက်နေ့က အင်တာနက်ပေါ် ဖြန့်ချိခဲ့ပါတယ်။ အဲဒီရုပ်သံဟာ ခုတော့ အင်တာနက်ပေါ် ပျံ့နှံ့နေပြီး ကြည့်ရှုမှု အကြိမ်ရေ ၃ သိန်းခွဲလောက် ရရှိနေပါတယ်။ ဒီရုပ်သံထဲမှာ ကလေးတယောက်အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယုတ်မာရက်စက်မှုတွေနဲ့ သူ့ရဲ့ သြစတြေးလျနိုင်ငံထဲက လွတ်လပ်ရေးနဲ့ လုံခြုံရေး နောက်ဆုံးလမ်းကြောင်းတို့နဲ့ ပတ်သက်ပြီး ပြသထားပါတယ်။ အေဒွတ်ဟာ သူ့အမေဆီကနေ ၆ နှစ်သားမှာ ခေါ်ထုတ်ခံရပြီး ကလေးစစ်သားအဖြစ် အတင်းခိုင်း ခံခဲ့ရကာ အီသီယိုပီးယားကို အပို့ခံခဲ့ရပါတယ်။ အသက် ၁၂ နှစ်သားမှာ နောက်ကျောကို ကျည်ဆံထိမှန်ခဲ့ပြီး နောက်ဆုံးမှာ ကုလသမဂ္ဂက သူ့ကို နိုင်ငံအပြင် ခိုးထုတ်ခဲ့တာပါ။ ဒီနောက် သြစတြေးလျ အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ဘေးကင်းခြုံမှုကိုရပြီး အသက် ၁၅ နှစ်မှာ စာဖတ်နိုင်ဖို့ သင်ခဲ့တယ်လို့ ရုပ်သံက ပြထားပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အေဒွတ်ဟာ အနောက်ဆစ်ဒနီတက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့ပြီး တခြားသူတွေကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။ ဝူလောင်ဂေါင်တက္ကသိုလ်နဲ့ နယူးဆောက်သ်ဝေးလ် တက္ကသိုလ်တို့မှာ ရာဇဝတ်မှုဥပဒေ အထူးပြု လေ့လာခဲ့ပါတယ်။ ခုတော့ သြစတြေးလျနိုင်ငံ ဘန့်ခ်စ်တောင်းမြို့မှာ ရှေ့နေအဖြစ် အလုပ်လုပ်နေပါတယ်။

More News
Up