A d v e r t i s e m e n t With Us

အစာအကြွင်းအကျန်နှင့် တိရစ္ဆာန်မစင်တို့မှ ထုတ်လုပ်မည့် ဓာတ်ပေါင်းဖို (ရုပ်သံ)

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဝေးလံခေါင်ဖျားတဲ့ ရွာလေးတရွာမှာ နေထိုင်ကြတဲ့ ပါလက်စတိုင်း လူမျိုးတွေဟာ မကြာသေးခင်က စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းဖို့ ဇီဝဓာတ်ငွေ့သုံး ဂျင်နရေတာတွေကို အမြောက်အမြား ၀ယ်ယူခဲ့ပါတယ်။ ခုလို လေမဲ့ဖြိုခွဲတဲ့စက်တွေဟာ စွန့်ပစ်ဇီဝအမှိုက်တွေ သုံးပြီး သန့်ရှင်းတဲ့စွမ်းအင်ကို အခမဲ့ အသုံးချမှာ ဖြစ်ပါတယ်။ အစ္စရေး စဦးကုမ္ပဏီ Home Bio Gas က ထုတ်လုပ်တဲ့ ဒီကိရိယာဟာ အစာအကြွင်းအကျန်တွေနဲ့ တိရစ္ဆာန်မစင်တွေကို မီသိန်းဓာတ်ငွေ့အဖြစ် အသွင်ပြောင်းပြီး မီးထွန်းရာမှာနဲ့ ချက်ပြုတ်ရာမှာ အသုံးပြုပါတယ်။ ပြည်ပနိုင်ငံတွေရဲ့ လှူဒါန်း ထောက်ပံ့မှုတွေပေါ်မှာ အကြီးအကျယ် မှီခိုနေရတဲ့ ဒေသခံတွေအဖို့ ခုလို ပေါ့ပါးတဲ့ ဓာတ်ပေါင်းဖိုတွေကြောင့် မိသားတစုချင်းအလိုက် လိုအပ်တဲ့စွမ်းအင်ကို ဖူလုံစေပါတယ်။ "ဒီစက်လေးက အရမ်းကောင်းတယ်။ ကျနော်တို့ ဒါလေးသုံးနေတာ ခုဆို ၃ လ ရှိသွားပြီ။ ဒီစက်လေးက ကျနော် တအိမ်ထောင်စာ လိုအပ်တဲ့ ဓာတ်ငွေ့ရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းထိ ဖြည့်ဆည်းပေးတယ်။" အစာအကြွင်းအကျန်လိုမျိုး အော်ဂန်းနစ် အမှိုက်တွေကို ဒီစက်ထဲကို လောင်းထည့်ရပါတယ်။ ဘက်တီးရီးယားပါတဲ့ အမှုန် ဒါမှမဟုတ် အရည်တမျိုးကို အမှိုက်နဲ့ ရေအရောအစပ်ထဲကို ထည့်လိုက်တာနဲ့ အလင်းဖောက်တဲ့ဖြစ်စဉ် ဖြစ်လာပြီး ထွက်လာတဲ့ မီသိန်းဓာတ်ငွေ့ကို သိုလှောင်လိုက်ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ထက်သန်တဲ့ မြေသြဇာအရည်ကို စိုက်ခင်းတွေမှာ အသုံးချနိုင်ပါတယ်။ ဒါကို သူတို့က ဂေဟစက်ဝန်းလို့ ခေါ်ပါတယ်။ "ဒီ Home Bio Gas စနစ်က ဂေဟစက်ဝန်းကို တပတ်ပြည့်ဖို့ ထောက်ကူပေးပါတယ်။ အမှိုက်တွေ ၀င်လာတာနဲ့ ဓာတ်ငွေ့ထုတ်ပေးတဲ့အတွက် အစားအစာသစ်တွေ ချက်ပြုတ်နိုင်သလို ဒီအစားအစာရဲ့ အမှိုက်တွေက နောက်တော့ ဒီထဲ ပြန်ရောက်တယ်။ ဒီအမှိုက်တွေကနေ မြေသြဇာပြန်ရတယ်။ ဒီမြေသြဇာနဲ့ စားနပ်ရိက္ခာ အသစ်တွေ စိုက်ပျိုးနိုင်တယ်။ ဒီလိုနဲ့ သံသရာတပတ်လည်တာပေါ့။" အီးယူက ထောက်ပံ့တဲ့ စဦးစီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် ဓာတ်ပေါင်းဖို ၄၀ တပ်ဆင်ပြီးသွားပါပြီ။ Home Bio Gas ကုမ္ပဏီကတော့ ဆင်းရဲတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဓာတ်ပေါင်းဖိုတွေ ၀ယ်ယူလာအောင် အစိုးရတွေနဲ့ ထောက်ပံ့ရေးအေဂျင်စီတွေကို စည်းရုံးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီစနစ်က ကမ္ဘာအနှံ့မှာရှိတဲ့ ကျေးလက်ဒေသခံတွေရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်လို့လည်း သူတို့က ယုံကြည်ထားပါတယ်။ အဲဒီဒေသတွေမှာ ထင်းမီးနဲ့ ချက်ပြုတ်ရာက ထွက်လာတဲ့ မီးခိုးတွေကြောင့် ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေ ရပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေလို့ပါ။ "ဖွံ့ဖြိုးတဲ့ကမ္ဘာကြီးမှာ ဒီဓာတ်ပေါင်းဖိုကို လိုအပ်သူတိုင်း ၀ယ်ယူနိုင်တော့မှာပါ။ ဒီဖိုက စွန့်ပစ်ပစ္စည်းတွေကို ချေဖျက်ပြီး သန့်ရှင်းတဲ့ ဓာတ်ငွေ့ကို ထောက်ပံပေးမှာမို့ လူတွေအဖို့ မီးခိုးတွေ ရှူစရာမလိုတော့ပါဘူး။" Home Bio Gas ကုမ္ပဏီကတော့ နောင်ကျရင် သူတို့ရဲ့ဓာတ်ပေါင်းဖိုကို ပတ်ဝန်းကျင်စောင့်ရှောက်ဖို့ စိတ်အားထက်သန်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံက စားသုံးသူတွေဆီကိုပါ စီးပွားဖြစ်ရောင်းကုန်အဖြစ် တင်ပို့နိုင်ဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up