ရွေးကောက်ပွဲကော်မရှင်၏ စီရင်ချက်အပေါ် ဒေါ်ချိုချိုကျော်ငြိမ်း ဝေဖန်
DVB
·
June 20, 2011
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲရလဒ် အငြင်းပွားဖွယ်ရာတွေနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကနေ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ဒီကနေ့ မှာ ချမှတ်ခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ စီရင်ချက်အပေါ် စိတ်ပျက်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။
သက်သေတွေ အခိုင်အလုံတင်ပြနိုင်ခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က အသိအမှတ်ပြု လက်မခံဘဲ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ကို အနိုင်ပေးလိုက်တဲ့အပေါ် ဝေဖန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“အန်တီတယောက်တည်းပဲ မတရားဘူးဆိုပြီး ကန့်ကွက်တာပါ။ ဒီရဲ့နောက်မှာ အန်တီတို့ အချိန်တွေ အများကြီးပေးရတယ်။ ပိုက်ဆံဆိုတာ ပြောဖွယ်ရာမရှိဘူး။ လူတွေလည်း အရမ်းပန်းပါတယ်။ အန်တီတို့ကတော့ မှန်မှန်ကန်ကန်လုပ်ပေးလိမ့်မယ်လို့ ယုံကြည်တယ်။ မျှော်လင့်တယ်။ ဒါပေမယ့် ထွက်လာတဲ့အဖြေက တော်တော်ကို ထူးဆန်းပါတယ်။ အထူးသဖြင့် တရားဥပဒေစိုးမိုးရအောင် မြင်ချင်လို့၊ တရားဥပဒေနဲ့ အညီ ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက တရားဥပဒေနဲ့အညီလုပ်ခဲ့တာ ဒီနေ့မှာတော့ မရခဲ့တဲ့အဖြေပါပဲ။ ဥပဒေနဲ့မညီတဲ့ အကြောင်းတွေကို တဖက်သတ်လက်ခံခဲ့တဲ့အတွက် အန်တီကတော့ အံ့လည်းအံ့ဩတယ်။ စိတ်လည်းမကောင်းဘူး။”
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ အမှုအတွက် အာမခံငွေအဖြစ် ကျပ်ငွေ ၁၀ သိန်း တင်ပြ တိုင်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီထဲက နစ်နာကြေးအဖြစ် ကျပ်ငါးသိန်းကို ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်ကို ပေးအပ်ရဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တရားရုံးမှာ ထပ်မံပြီး လျှောက်လွှဲချက် ထက်တင်ဦးမယ်ဆိုရင်လည်း အာမခံငွေ ကျပ် ၁၀ သိန်း ထပ်မံတင်ပြရမှာ ဖြစ်တယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။
“စီရင်ချက်တွေကို ကျမကို ကူးခွင့်ပေးပါလို့ တောင်းတော့ ကူးခွင့်မပေးနိုင်ဘူးလို့ပြောတယ်။ တလအတွင်း ကူးခွင့်မပေးဘူး။ တကယ်လို့ ကူးချင်တယ်ဆိုရင် ငွေ ၁၀ သိန်းတင်ပါတဲ့။ တခါအမှုဆက်တက်မယ်ဆိုရင် ဒုတိယအဆင့်တင်မယ်ဆိုရင်တော့ လောလောဆယ် ၅ သိန်းမသွင်းရသေးဘူး။ တကယ်လို့ အဲလိုဆက်တက်မယ်ဆိုရင် နောက်ထပ် ၁၀ သိန်း တင်ရဦးမယ်။”
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့လွှတ် တော်၊ ကြို့ပင်ကောက်မြို့နယ်မဲဆန္ဒ နယ်မြေမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရ ကိုယ်စားလှယ် ဦးသန့်ဇင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးတို့နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်ပြီး ကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုပေါင်း ၂၉ မှု ရှိပြီး ဒီမိုကရက်တစ် အင်အားစုတွေက တိုင်ကြားထားတဲ့ အမှု နှစ်မှုသာပါဝင်နေတာပါ။ အဲဒီထဲက တမှုဖြစ်တဲ့ ဒေါ်ချိုချိုကျော်ငြိမ်းအမှုကို ရွေးကောက်ပွဲကော်မရှင်က အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုတွေထဲက ကော်မရှင်က ခုချိန်ထိ ၁၁ မှုကို ဆုံးဖြတ်ချက်ချထားပေးပြီး ဖြစ်ပြီး အဲ့ဒီထဲက ၁ဝ မှုဟာ ကြံ့ခိုင်ရေးပါတီက တိုင်ကြားခဲ့တဲ့ အမှုတွေချည်းဖြစ်ပြီး ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေပဲ အနိုင်ရရှိထားပါတယ်။