တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနား (ရုပ်သံ)

2.9K
တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ခြင်း အနှစ် ၅၀ ပြည့် အခမ်းအနားကို တိဘက်ဒေသမြို့တော် လာစာမှာ စက်တင်ဘာ ၈ ရက်နေ့က စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
ပိုတလာနန်းတော်ရှေ့ ရင်ပြင်မှာ ကျင်းပတဲ့ အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အစိုးရ ထိပ်တန်းအကြံပေး ယုကျန်းရှန် (Yu Zhengsheng) ဦးဆောင်တဲ့ အဖွဲ့ဝင် ၆၅ ဦးပါ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။
တရုတ်ဒု-၀န်ကြီးချုပ် လျူ ရန်ဒေါင်း (Liu Yandong) က အခမ်းအနား အဖွင့်မိန့်ခွန်းကို အရင်ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ယုကျန်းရှန်က တိဘက်ဒေသရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ တရုတ်ကွန်မြူနစ်ပါတီကြီးရဲ့ ခေါင်းဆောင်မှုအောက်မှာပဲ ရှိရမှာဖြစ်တယ်လို့ အလေးထား ပြောဆိုသွားခဲ့ပါတယ်။
တရုတ်နိုင်ငံက တိဘက်ဒေသ ခွဲထွက်ရေးကို တရုတ်အစိုးက လုံးဝလက်မခံ တားဆီးသွားမှာဖြစ်ပြီး ဘယ်လိုခွဲထွက်ရေး လှုပ်ရှားမှုမျိုးကိုမဆို နှိမ်နင်းသွားမှာလို့လည်း ပြောဆိုပါတယ်။
အဲ့ဒီနောက် စစ်ရေးပြ လမ်းလျှောက်ချီတက်ပွဲ ဆက်လက်ကျင်းပခဲ့ပြီး ပါဝင်ချီတက်သူ ၆၀၀၀ က ချီတက်အလေးပြုခဲ့ပါတယ်။
အခမ်းအနားကို တိဘက်ဒေသတ၀န်းက လူ ၂ သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။
တိဘက်ဒေသဟာ ၁၉၆၅ ခု၊ စက်တင်ဘာ ၁ ရက်နေ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တရုတ်နိုင်ငံက အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။