ဗြိတိသျှ လေယာဉ်တစီး လာ့ဗေးဂတ်စ်လေဆိပ်တွင် မီးလောင် (ရုပ်သံ)

ဗြိတိသျှလေကြောင်းလိုင်း လေယာဉ်တစီးဟာ စက်တင်ဘာ ၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ လာ့ဗေးဂတ်စ်မြို့၊ မက်ကာရန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းဖို့ လေယာဉ်ပြေးလမ်းပေါ်မှာ ပြင်ဆင်နေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။
မက်ကာရန် အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူတွေကတော့ အဲဒီဖြစ်စဉ်မှာ ကနဦး ထိခိုက်ဒဏ်ရာရရှိထားသူ ၂ ဦးကို ဆေးရုံပို့ဆောင်ထားပြီး သူတို့ ၂ ဦးဟာ လေယာဉ်အမှုထမ်း ဒါမှမဟုတ် ခရီးသည်ဖြစ်တယ် ဆိုတာကို ကွဲကွဲပြားပြား မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
ဘိုးအင်း-၇၇၇ အမျိုးအစား အဲဒီလေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၁၃ ဦးနဲ့ ခရီးသည် ၁၅၉ ဦး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်း ထုတ်ပြန်ချက်အရ လေယာဉ်ရဲ့ ဘယ်ဘက်ခြမ်းအင်ဂျင် မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးသတ်သမားတွေက ဒေသစံတော်ချိန် ၄ နာရီ ၁၄ မိနစ်က မီးလောင်ကျွမ်းမှုကို စတင်ငြှိမ်းသတ်ခဲ့ပြီး ၄ မိနစ်အကြာမှာ အားလုံး ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဗြိတိသျှလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ ရို့စ်မေရီဗက်ဆီလီယာဒစ်က ပြောပါတယ်။
သူက ခုအခြေအနေနဲ့ ပတ်သက်တဲ့ အရေးပေါ်အခြေအနေတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ဆောင်နေပြီး ပါဝင်တဲ့ ခရီးသည်တွေကို ဟိုတယ်ပို့ပြီး လိုအပ်တာတွေ လုပ်ပေးထားတယ်လို့ ပြောပါတယ်။