မဲဆောက်တွင် မြန်မာအလုပ်သမားတဦး လေးထပ်တိုက်ပေါ်မှ ပြုတ်ကျ
DVB
·
September 9, 2015
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ စက်တင်ဘာ ၈ ရက် က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦး လေးထပ်တိုက်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။
လေးထပ်တိုက်ဟာ မဲဆောက်မြို့လယ်ခေါင် အာရှလမ်းကြီးပေါ်မှာ တည်ရှိပြီး ဆောက်လက်စ တိုက်တလုံးဖြစ်ကာ တိုက်ပေါ်က ပြုတ်ကျသူမှာတော့ အသက် ၂၁ နှစ်ရွယ် ကိုစိုင်းမောင် အမည်ရှိ မြန်မာဆောက်လုပ်ရေးအလုပ်သမားတဦးဖြစ်တယ်လို့ ကယ်ဆယ်ရေးအလုပ်သမားတွေက ပြောပါတယ် ။
ထိခိုက်မှုမဖြစ်ခင်က အဲဒီတိုက်မှာ အလုပ်သမား ၂၀ ကျော် အလုပ်လုပ်နေကြောင်း၊ သူတို့ဟာ သံငြမ်းစင်ပေါ်တက်ပြီး အဆောက်အဦရဲ့ မျက်နှာကျက်ကို ဆေးသုတ်ဖို့ လုပ်နေစဉ် ကိုစိုင်းမောင်က ခြေချော်ပြီး ပြုတ်ကျခဲ့တာလို့ ဘ၀တူ အလုပ်သမားတဦးက ပြောပါတယ်။
ကိုစိုင်းမောင်ဟာ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး အကာအကွယ်မပါဘဲ အလုပ်လုပ်ခဲ့တဲ့အတွက် လေးထပ်တိုက်ကနေ အောက်ဆုံးထပ်ကြမ်းပြင်ပေါ် ကျလာတဲ့အခါ ဦးခေါင်းမှာပါ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
မဲဆောက်မှာ ခုလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ်က ပြုတ်ကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်နောင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးကို တင်းကြပ်စွာဆောင်ရွက်ဖို့ တာဝန်ရှိသူတွေက သက်ဆိုင်ရာ လုပ်ငန်းရှင်ကို ခေါ်ယူစစ်ဆေးမေးမြန်းနေတယ်လို့ ဒီဗွီဘီက သိရပါတယ်။