သဲမုန်တိုင်းကြောင့် လက်ဘနွန်နိုင်ငံတွင် ၂ ဦး သေဆုံး (ရုပ်သံ)

အရှေ့အလယ်ပိုင်းဒေသ အစိတ်အပိုင်းတွေမှာ ကြီးမားတဲ့ သဲမုန်တိုင်း စက်တင်ဘာ ၈ ရက်နေ့က တိုက်ခတ်ခဲ့လို့ လက်ဘနွန်နိုင်ငံမှာ လူ ၂ ဦးသေဆုံးပြီး ရာနဲ့ချီတဲ့လူတွေ ဆေးရုံတင်ခဲ့ရပါတယ်။ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာတော့ လေကြောင်းခရီးစဉ်တွေရော လေကြောင်းတိုက်ခိုက်မှုတွေပါ အနှောင့်အယှက် ဖြစ်ခဲ့တာပါ။ ဖုန်တိမ်တိုက်တွေက အစ္စရေး၊ ဂျော်ဒန်နဲ့ ဆိုက်ပရပ်စ်နိုင်ငံတွေကိုပါ လွှမ်းခြုံခဲ့လို့ မြင်နိုင်စွမ်းက မီတာ ၅၀၀ ထိ ကျခဲ့တဲ့အတွက် လေကြောင်းခရီးစဉ်တွေ ရွှေ့ပြောင်းခဲ့ရတာပါ။ ဒေသတွင်း နိုင်ငံတွေက လူတွေကတော့ လှိုင်းလုံးတွေလို တလိပ်လိပ်ကြွတက်နေတဲ့ ဖုန်တိမ်လုံးကြီးတွေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့ကြတာပါ။ နွေရာသီမှာ အရှေ့အလယ်ပိုင်းဒေသအတွင်း သဲမုန်တိုင်း၊ ဖုန်မုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမယ့် အီရတ်နဲ့ ပင်လယ်ကွေ့ဒေသမှာသာ ခြောက်သွေ့တဲ့ နေရာတွေကနေ တိုက်ခတ်လာတဲ့ ဖုန်နဲ့ သဲတိမ်တွေကို သိပ်သိပ်သည်းသည်း တွေ့ရတာ ဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံမှာတော့ သဲမုန်တိုင်းက လောင်မြိုက်နေအောင်ပူတဲ့ အပူချိန်နဲ့ ပေါင်းနေလို့ လူအများအပြား လမ်းတွေပေါ်မှာ မရှိကြပါဘူး။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကတော့ သဲမုန်တိုင်းကြောင့် လူ ၂ ဦး သေဆုံးပြီး လူအယောက် ၇၅၀ က အသက်ရှူလမ်းကြောင်း ပြဿ    နာတွေနဲ့ ဆေးရုံတင်ထားရတယ်လို့ ပြောပါတယ်။ လူတွေ အထူးသဖြင့် ကျန်းမာရေး ပြဿ နာရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ အိမ်ထဲမှာပဲ နေကြဖို့နဲ့ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် မျက်နှာဖုံးစွပ်တွေ ဝတ်ကြဖို့ သတိပေးထားပါတယ်။ လက်ဘနွန်မြို့တော်နားက ပင်လယ်မှာ မြင်နိုင်စွမ်းက မီတာ ရာဂဏန်း နည်းနည်းပဲ ရှိလို့ လူတွေ ခြောက်ကပ်နေပါတယ်။ နိုင်ငံမြောက်ပိုင်းက ကမ်းရိုးတန်းမြို့ ထရီပိုလီမှာတော့ ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပိတ်ထားဆဲပါ။ မုန်တိုင်းဟာ စက်တင်ဘာ ၉ ရက်နေ့မှာ ၆၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းကြား  စိုထိုင်းဆနဲ့အတူ ဆက်ရှိနေမယ်လို့ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ မိုးလေဝသဌာနက ပြောတယ်လို့ အစိုးရသတင်းဌာန အန်အန်အေက အစီရင်ခံပါတယ်။ ဆီးရီးယားနိုင်ငံထဲမှာတော့ စက်တင်ဘာ ၇ ရက်ကစပြီး သဲမုန်တိုင်းကြောင့် လေကြောင်းတိုက်ခိုက်မှု နည်းသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ နိုင်ငံမြောက်ပိုင်းက ဒုက္ခသည်စခန်း သဲထဲမှာ ဖုံးကွယ်နေတဲ့ ရုပ်သံတွေလည်း အင်တာနက်ပေါ် ရောက်လာပါတယ်။ ဆိုက်ပရပ်စ်နိုင်ငံမှာတော့ လူအတော်များများ အသက်ရှူလမ်းကြောင်း ပြဿ နာတွေအတွက် ကုသဖို့ လိုနေပြီး အာဏာပိုင်တွေက လူတွေ အိမ်ထဲမှာနေဖို့ တိုက်တွန်းထားပါတယ်။ တကျွန်းလုံးကိုတော့ ဖုန်ထူတွေက လွှမ်းခြုံထားပြီး နောက်နေ့မှာ ဖုန်တွေ စပြီး လျော့ပါးမယ်လို့ ဆိုက်ပရပ်စ် မိုးလဝသအရာရှိက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up