ရွန်နီ ဂိုးသွင်းအများဆုံး စံချိန်တင်၊ အင်္ဂလန် ၂-၀ ဆွစ်ဇာလန် (ရုပ်သံ)

တိုက်စစ်မှူး ၀ိန်းရွန်နီဟာ ဆွစ်ဇာလန်နဲ့ ကစားတဲ့ စက်တင်ဘာ ဂ ရက်ညက ယူရိုခြေစစ်ပွဲမှာ ဂိုးသွင်းယူနိုင်လို့ အင်္ဂလန်အသင်းအတွက် သွင်းဂိုး ၅၀ နဲ့ ဂိုးသွင်းအများဆုံး စံချိန်သစ် တင်လိုက်ပါတယ်။ ရွန်နီဟာ ဆွစ်ဇာလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ အသင်းအတွက် ၈၃ မိနစ်မှာ ပင်နယ်တီကနေ ၁ ဂိုး သွင်းယူ ပေးခဲ့တာပါ။ အင်္ဂလန် အသင်းခေါင်းဆောင်ဟာ  ပြီးခဲ့တဲ့တပတ်က ဆန်မာရီနဲ့ ခြေစစ်ပွဲမှာလည်း ၁ ဂိုး သွင်းယူထားပြီး သွင်းဂိုး ၄၉  ဂိုးနဲ့ ဆာဘော်ဘီ ချာလ်တန် သွင်းတဲ့ ဂိုးအရေအတွက် စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ရွန်နီရဲ့ အခုသွင်းဂိုး ၅၀ စံချိန်အတွက် ဆာဘော်ဘီကလည်း ချီးကျုး ဂုဏ်ပြု စကား ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်နည်းပြ ဟော့ဆန်ကတော့ ရွန်နီအတွက် အားလုံး ၀မ်းသာနေကြပြီး အ၀တ်အစားလဲခန်းထဲမှာ သူ့ကို ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။ အုပ်စု (အီး) မှာ ပါဝင်နေတဲ့ အင်္ဂလန်ဟာ ယူရိုခြေစစ်ပွဲမှာ ကစားထားတဲ့ ၈ ပွဲလုံးနိုင်ပြီး ပြီးခဲ့တဲ့တပတ်ကလည်း ခြေစစ်ပွဲကို စောစောစီးစီး အောင်မြင်သွားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

More News
Up