A d v e r t i s e m e n t With Us

ဆီးရီးယားရှိ အိုင်အက်စ်များကို ပြင်သစ် လေကြောင်းထိုးစစ် စတင်မည်

ပြင်သစ်သမ္မတ ဟော်လန်ဒီ။ (ဓာတ်ပုံ - ရိုက်တာ)
ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို ပြင်သစ်နိုင်ငံက လေကြောင်းထိုးစစ်တွေ စတင်တော့မှာဖြစ်ပြီး ပြင်ဆင်မှုတွေလုပ်ဖို့ ပြင်သစ်သမ္မတ ဟော်လန်ဒီက စက်တင်ဘာ ၇ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။ စက်တင်ဘာ ၈ ရက်ကစပြီး ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို လေကြောင်းကနေ ကင်းထောက်ပျံသန်းမှုတွေ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ပြင်သစ်မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့ကိုတော့ ပြင်သစ်သမ္မတက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီးယားပြည်သူ ၂ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး ၉ သန်းကျော် အိုးအိမ်စွန့် ထွက်ခွာခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပြင်သစ်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်မှု အများစုဟာ ဆီးရီးယားနိုင်ငံမှာ အရင်းခံတာ ဖြစ်တယ်၊ ဒီတိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ အတတ်နိုင်ဆုံး စုံစမ်းထောက်လှမ်းပြီး လက်ဦးမှု ရယူရမှာ ဖြစ်တယ်လို့ သမ္မတ ဟော်လန်ဒီက ပြောဆိုတာပါ။ အမေရိကန် ဦးဆောင်တဲ့ အီရတ်နိုင်ငံက အိုင်အက်စ်အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးမှာ ပြင်သစ်နိုင်ငံက ပါဝင်ထားပြီး ဖြစ်ပါတယ်။ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးကိုတော့ ဆီးရီးယားသမ္မတ အာဆတ်ကို အားပေးသလိုဖြစ်မှာကို စိုးရိမ်တဲ့အတွက် အရင်က မပူးပေါင်းဘဲ နေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up