သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်အဖြစ် ဦးအောင်လှထွန်းကို သူရဦးရွှေမန်းအဆိုပြု
DVB
·
September 8, 2015
အသစ်ရွေးချယ်တင်မြှောက်ဖွဲ့စည်းဖို့ရှိနေတဲ့ သတင်းမီဒီယာကောင်စီမှာ အဖွဲ့ဝင်အဖြစ် မြန်မာ နိုင်ငံနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးအောင်လှထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပြုလိုက်ပါတယ်။
အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်တဲ့ သတင်းမီဒီယာဥပဒေအရ "သတင်းမီဒီယာကောင်စီ" မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အဖွဲ့ဝင်တစ်ဦးကို အဆိုပြုပေးရမှာဖြစ်လို့ ဦးအောင်လှထွန်းကို အဆိုပြုတဲ့အကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို စက်တင်ဘာ ၈ ရက်နေ့မှာ အမည်စာရင်းပေးပို့ခဲ့တယ်လို့ သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို သတင်းမီဒီယာကောင်စီ အဖြစ် အဖွဲ့ဝင် ၂၉ ဦးနဲ့ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ဖွဲ့စည်းမယ်လို့ ကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောကြားထားပြီးဖြစ်ပါတယ်။
ကောင်စီဝင် ၂၉ ဦးကို သတင်းသမား ၁၄ ဦး၊ သမ္မတရုံးနဲ့ လွှတ်တော်နှစ်ရပ်က ၃ ဦး၊ ရှေ့နေ၊ တတ်သိပညာရှင်နဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေအုပ်စုက ၁၂ ဦးနဲ့ ရွေးချယ် ဖွဲ့စည်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
မြန်မာကလောင်ရှင်များအဖွဲ့ PEN Myanmar ကတော့ သတင်းမီဒီယာကောင်စီရွေးချယ်တာနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းကောင်စီရွေးချယ်တင်မြောက်ရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ သတင်းမီဒီယာသမားတွေရဲ့ သဘောထားဆန္ဒကို ရယူခဲ့ခြင်း မရှိဘူးဆိုပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။