မလေးရှားကမ်းလွန် ပင်လယ်တွင် နစ်မြုပ်လှေမှ သေဆုံးသူ ၆၁ လောင်း ရှာတွေ့ (ရုပ်သံ)

4.9K
မလေးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသူ ၆၁ ဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့တယ်လို့ မလေးရှားရေတပ် အရာရှိတွေက စက်တင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နေ့က နောက်ထပ် အလောင်း ၂၆ လောင်းကို နောက်ဆုံး တွေ့ရှိခဲ့ပြီး ထပ်မတွေ့တော့ဘူးလို့ ပြောပါတယ်။
တရားမ၀င် ပြောင်းရွှေ့သူတွေကို တင်ဆောင်ထားတဲ့လှေဟာ စက်တင်ဘာ ၃ ရက်နေ့က နစ်မြုပ်ခဲ့တာဖြစ်ပြီး လှေပေါ်ပါသူတွေထဲက အယောက် ၂၀ ပဲ အသက်ရှင်ပါတယ်။
ပြန်တွေ့တဲ့ အလောင်းတွေထဲမှာ အမျိုးသားအလောင်းတွေက အများစုဖြစ်ပြီး ကလေးငယ်တဦးရဲ့ အလောင်းကိုလည်း တွေ့ရတယ်လို့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ရောဘတ်တက်က ပြောပါတယ်။
လှေပေါ်မှာ မနိုင်ဝန် တင်ထားတာကြောင့် ရာသီဥတုဆိုးတဲ့ အခြေအနေမှာ နစ်မြုပ်သွားတာလို့ ယူဆနေပါတယ်။
မလေးရှားမှာ တရားမ၀င်ရော၊ တရားဝင်ပါ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေ အများစုဟာ အင်ဒိုနီးရှားနိုင်ငံက ဖြစ်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စက်ရုံ၊ အလုပ်ရုံနဲ့ အိမ်အကူအလုပ်တွေမှာ လုပ်ကြပါတယ်။
အရှေ့တောင်အာရှဒေသမှာ မေလတုန်းက ပြောင်းရွှေ့အခြေချသူတွေ ပြဿ နာကို အကြီးအကျယ် ကြုံခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ လူကုန်ကူးဂိုဏ်းတွေကို နှိမ်နင်းတာကြောင့် တရားမ၀င် ပြောင်းရွှေ့သူတွေဟာ ပင်လယ်ရေလမ်းကြောင်းကို ရွေးချယ်ရင်း တော်တော်များများ ရေမြုပ်သေဆုံးခဲ့ပါတယ်။