အနံ့ခံခွေးကြောင့် ကိုလံဘီယာတွင် ကိုကင်း ၂ တန်ကျော် ဖမ်းမိ

ဖမ်းဆီးရမိသည့် ကိုကင်းများနှင့်အတူ တွေ့ရသည့် အနံ့ခံခွေးကလေး။ (ဓာတ်ပုံ - ရိုက်တာ)
3K
ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့ အယ်လ်ဒိုရာဒို နိုင်ငံတကာ လေဆိပ်မှာ ကုန်စည်တွေကို အနံ့ခံခွေးက ဖော်ထုတ်ခဲ့အပြီး ကိုလံဘီယာနဲ့ မက္ကဆီကို ရဲတွေက ကိုကင်း ၂ တန်ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကိုလံဘီယာ ရဲတွေက စက်တင်ဘာ ၇ ရက်နေ့က ပြောပါတယ်။
ကိုကင်းတွေကို ပုံနှိပ်စက်နဲ့ မိတ္တူကူးစက် မှင်ဘူးထဲက အမှုန့်တွေအဖြစ် မှတ်ပုံတင်ပြီး ဆေးအနက်ရောင် ဆိုးထားတဲ့ ပို့ကုန်တွေရဲ့ အစိတ်အပိုင်းအဖြစ် ပုံဖျက်ထားတာပါ။
ကုန်စည်တွေကို မူးယစ်ကုန်ကူးဂိုဏ်းတွေရဲ့ ဇာတိမြေဖြစ်တဲ့ မက္ကဆီကိုနိုင်ငံ စီနာလိုအာပြည်နယ်ကို ပို့ဖို့ သတ်မှတ်ထားပြီး ဘိုကိုတာ နိုင်ငံတကာလေဆိပ် ကုန်စည်တင်ပို့ဆောင်မှာ တွေ့ခဲ့တာလို့ ကိုလံဘီယာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဓာတ်ခွဲခန်း စမ်းသပ်ချက်အရ ဘိုကိုတာမှာ သိမ်းမိတာတွေဟာ ကိုကင်း ၁ ဒသမ ၀၇ တန် ပါနေကြောင်း အတည်ပြုခဲ့ပါတယ်။
မက္ကဆီကိုမှာတော့ ၉၆၁ ကီလို ဖမ်းမိခဲ့လို့ စုစုပေါင်း ကိုကင်း ဟိုက်ဒရိုကလိုရိုက်ဒ် ၂ တန်ကို သိမ်းမိခဲ့တယ်လို့ ကိုလံဘီယာ ရဲချုပ် ဗိုလ်ချုပ်ကြီး ရိုဒိုဖို ပါလိုမီနိုက ဘိုကိုတာမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
ဒီမူးယစ်ဆေးတွေကို ကိုလံဘီယာနိုင်ငံ အတ္တလန္တာ ကမ်းရိုးတန်းရှိ မူးယစ်ကွန်ရက်တခုက ပို့တာ ဖြစ်ပုံရတယ်လို့ ရဲက ပြောပါတယ်။
၂၀၁၅ ခုနှစ်အတွင်း ကိုလံဘီယာ အာဏာပိုင်တွေဟာ ကိုကင်း ၁၁၅ တန်ကို သိမ်းခဲ့ပြီးပါပြီ။
ဒီနိုင်ငံမှာ တနှစ်ကို ကိုကင်း တန် ၃၀၀ ထုတ်လုပ် ကုန်ကူးနေတယ်လို့ ခန့်မှန်းထားပါတယ်။
ဗိုလ်ချုပ်ကြီး ပါလိုမီနိုကတော့ ကိုကင်းကို တခြားပစ္စည်းတွေနဲ့ ရောပြီး ပုံမှားရိုက် ကုန်ကူးလေ့ရှိတယ်လို့ ပြောပါတယ်။
မက္ကဆီကိုစီးတီးမြို့ နိုင်ငံတကာ လေဆိပ်မှာလည်း စီနာလိုအာပြည်နယ်အတွက်လို့ သတ်မှတ်ထားတဲ့ ဆေးဆိုးထားတဲ့ ကိုကင်း ၉၆၁ ကီလို ဘိုကိုတာလေဆိပ်ကနေ လေယာဉ်တစီးနဲ့ ရောက်လာလို့ သိမ်းဆည်း စောင့်ကြပ်ထားပါတယ်။