ရန်ကုန် ဈေးကွက်အတွင်း မြေပဲဆီအမည်ခံပြီး စားအုံးဆီနဲ့ တခြားစားသုံးဆီတွေ ရောနှောရောင်းချနေတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် ၁၀ မျိုးကို ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က အသိပေးကြေညာလိုက်ပါတယ်။

ဈေးကွက်အတွင်းရောင်းချနေတဲ့ ဆီနမူနာတွေကိုယူပြီး အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံပေးပို့ ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ တော်ဝင်နဒီ (Peanut Oil) ၊ Lucky မြေပဲဆီ ၊ SS မြေပဲဆီသန့်နဲ့ HiPlus မြေပဲဆီသန့် အမှတ်တံဆိပ်တွေဟာ စားအုန်းဆီတွေ ရောထားတာ တွေ့ရတယ်လို့ဆိုပါတယ်။
ရွှေမိုးမြေပဲဆီ၊ စံထိပ်တန်းမြေပဲဆီ၊ ရွှေစင် အာမခံမြေပဲဆီစစ်စစ်၊ စိန်သရဖူ မြေပဲဆီသန့်၊ Family မြေပဲဆီသန့်နဲ့ Golden Apple ( Special Cooking Oil) အမှတ်၊တံဆိပ်တွေကတော့ တခြား စားသုံးဆီတွေရော ထားတာတွေ့ရတယ်လို့ဆိုပါတယ်။
အထက်ပါ ကုန်အမှတ်တံဆိပ်တွေနဲ့ မြေပဲဆီ၊ ပဲဆီလို့ဖော်ပြပြီး သတ်မှတ်စံချိန်စံညွန်း အရည် အသွေးတွေနဲ့ ကိုက်ညီမှုမရှိတဲ့ မြေပဲဆီအမည်ခံရောင်းချမှုကြောင့် စားသုံးသူတွေ ထိခိုက်နစ်နာ သည့်အပြင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ လည်း အသိပေးကြေညာချက်မှာဖော်ပြထားပါတယ်။