မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း (ရုပ်သံ)

နိုင်ငံရဲ့အနာဂတ်နဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို စဉ်းစားပြီး ရှေ့ကို မျှော်ကြည့်မဲပေးကြဖို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ရွေးကောက်ပွဲအတွက် နိုင်ငံတ၀န်း မဲဆွယ်စည်းရုံးဟောပြောမှုတွေ တရားဝင်စတင်တဲ့ နေ့မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရုပ်သံမိန့်ခွန်းကနေတဆင့် ပြောကြား လိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်မှာ အရေးကြီးတာကတော့ ကျမတို့ပြည်သူ လူထုအားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲနေ့ရောက်တဲ့အခါ သွားပြီးတော့မဲပေးဖို့ပါပဲ။ မဲပေးတဲ့အခါကျရင်လည်း ကျမတို့နိုင်ငံရဲ့ အနာဂတ်၊ ကျမတို့မျိုးဆက်သစ်တွေရဲ့ အနာဂတ် ကို စဉ်းစားပြီးတော့မဲပေးကြပါ။ ရှေ့ကို မျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့အခါမှာ ပြောင်းလဲဖို့ ၀ိုင်းဝန်းပြီးတော့ကူညီကြပါလို့ ကျမအနေနဲ့ တိုက်တွန်း နိုးဆော်ချင်ပါတယ်” လို့ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ ပန်းတိုင်မရောက်သေး ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် ကြိုးစားခဲ့တာဆိုရင် အနှစ် ၃၀ နီးပါးရှိပါပြီ၊ အခုအထိ ပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ ထောက်ခံမှုနဲ့ ပြည်သူရဲ့ ဆန္ဒရဲ့ တွန်းအားနဲ့ ကျမတို့ အောင်မြင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”
နိုင်ငံတကာအသိုင်းအ၀န်းကို အင်္ဂလိပ်ဘာသာနဲ့ သီးခြားပြောကြားတဲ့ ရုပ်သံ မိန့်ခွန်းမှာတော့ နိုဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲဟာ နိုင်ငံအတွက်အရေးပါတဲ့ အလှည့်အပြောင်း ကာလဖြစ်တဲ့အကြောင်းနဲ့ မြန်မာပြည်သူလူထုတွေအနေနဲ့ စစ်မှန်တဲ့ အပြောင်း အလဲအတွက် စစ်မှန်တဲ့ အခွင့်အရေးကို ဆယ်စုနှစ်တွေအတွင်း ပထမဆုံး အကြိမ်ရမှာဖြစ်တယ်၊ ဒါဟာ လက်မလွတ်နိုင်တဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကိုသက်ဆိုင်သူအားလုံးက လေးစား လိုက်နာဖို့အရေးကြီးသလို အသွင်ကူးပြောင်းရေး ချောမွေ့ငြိမ်းအေးစွာဖြစ်ဖို့ဟာ လွတ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲထက်ပိုအရေးကြီးတယ်၊ ရွေးကောက်ပွဲ မတိုင်ခင်အချိန် ရွေးကောက်ပွဲကာလနဲ့ အထူးသဖြင့် ရွေးကောက်ပွဲအလွန်ကာလတွေမှာ ဖြစ်ပျက်နေတာတွေကို စောင့်ကြည့်ပေးခြင်းအားဖြင့် ကူညီပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအ၀န်းကို ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားထားပါတယ်။
(ရုပ်သံ - NLD Chairperson Office)