ဒေးဗစ်ဘက်ဟမ်း ဂျိမ်းစ်ဘွန်းမင်းသား ဖြစ်လာမလား

ဓာတ်ပုံ - foxsoccer
1.9K
ကမ္ဘာကျော် အင်္ဂလန် လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ဟမ်း ကို မကြာခင်မှာ ဂျိမ်းစ်ဘွန်းမင်းသား တယောက်အနေနဲ့ မြင်တွေ့ရတော့မှာလား။
ဒေးလီးစတားရဲ့ သတင်းတပုဒ်အရ အသက် ၄၀ အရွယ် ဘက်ဟမ်းက ဂျိမ်းစ်ဘွန်း ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ လေးလေးနက်နက် စဉ်းစားနေတယ်လို့ ရေးသားလိုက်ပါတယ်။
တကယ်လို့ လက်ရှိ ဂျိမ်းစ်ဘွန်းမင်းသား ဒင်နီယယ် ကာရစ်က စာချုပ်သက်တမ်း ထပ်မတိုးတော့ဘူးဆိုရင် ဒီနေရာကို သူဝင်လာဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ဘက်ဟမ်းရဲ့ ပရိသတ်တွေကလည်း သူ့ကို ဒီနေရာမှာ သရုပ်ဆောင်ဖို့ အားပေးနေတယ်လို့ သတင်းမှာ ရေးပါတယ်။
“အားကစားသမားတွေနဲ့ တခြား နာမည်ကြီးတွေက သရုပ်ဆောင်ဘက်ကို လှည့်ခဲ့ပေမယ့် မအောင်မြင်တာကို သတိထားမိပါတယ်။ ကျနော်က ပိုလုပ်ချင်ပါတယ်။ ဒါပေမယ့် အရမ်းကို ကြီးမားတဲ့ ကဏ္ဍအတွက် အမြန်ခုန်ချလို့မရပါဘူး၊ အတွေ့အကြုံတွေကို တည်ဆောက်ရမှာ ဖြစ်ပါတယ်” လို့လည်း ဘက်ဟမ်းက ပြောပါတယ်။
တကယ်တော့ ဘက်ဟမ်းက သရုပ်ဆောင်တာနဲ့လည်း မစိမ်းပါဘူး။ “Knights of the Roundtable: King Arthur” မှာလည်း သူက အသံနဲ့ အနည်းငယ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
လက်ရှိမှာတော့ ဘက်ဟမ်းအနေနဲ့ ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ သတ်မှတ်အရည်အချင်း မပြည့်နိုင်ပေမယ့် တစိတ်တပိုင်းကတော့ သေချာနေတယ်လို့ ဆိုပါတယ်။