A d v e r t i s e m e n t With Us

မွေးရာပါ လက်နှစ်ဘက်မဲ့ ကလေးငယ်၊ မိခင်အတွက် စက်ဘီးစီးပွဲဝင် (ရုပ်သံ)

ထိုင်းနိုင်ငံမြောက်ပိုင်း ဗိဆနုလုတ်ခရိုင် ပါရကန်မြို့နယ်က အသက် ၁၁ နှစ်အရွယ်ရှိ ကျောင်းသားငယ်လေး ၀ပ်ထနခမ်းအင်းဟာ မွေးကတည်းက လက်နှစ်ဘက်ပါမလာပေမယ့် လည်း သာမန်ကလေးလိုဘဲ စက်ဘီးနင်းပြီး နေ့စဉ် ကျောင်းသွားကျောင်းပြန်လုပ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က မိခင်များနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ တ၀န်းလုံး စက်ဘီးစီးပွဲ ကျင်းပရာမှာ ၀ပ်ထနခမ်းအင်းဟာလည်း အများနည်းတူ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဘိုက်ခ်ဖော်မမ်း (Byke for MOM) လို့အမည်ပေးထားတဲ့ ဒီစက်ဘီးစီးပွဲမှာ ထိုင်းဘုရင့်သားတော်က အကောင်းဆုံးဓာတ်ပုံတွေ ဖိတ်ခေါ်ခဲ့ရာမှာ ပေးပို့လာတဲ့ ဓာတ်ပုံပေါင်း ၄၈၀၀ အနက်  ၀ပ်ထနခမ်းအင်းရဲ့ လက်မပါဘဲ စက်ဘီးနင်းတဲ့ ဓာတ်ပုံတပုံပါ ပါလာပါတယ်။ ဘုရင့်သားတော်က အဲဒီဓာတ်ပုံကို တွေ့မြင်ရာမှာ အလွန်ချီးမွမ်းအားရမိတာကြောင့် ဒီကလေးကို လိုက်လံရှာဖွေစေပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ  သူ့အတွက် အထူးစီမံထားတဲ့ စက်ဘီးတစ်စီးကို ဆုချီးမြှင့်ခဲ့ပါတယ်။ အဲဒီစက်ဘီးမှာ ဘရိတ်ကို ခြေနင်းမှာ ထည့်သွင်းထားတာကြောင့် သူ့အတွက် ပိုပြီးအဆင်ပြေစေ မယ်လို့ နန်းတွင်ကိုယ်စားလှယ်မှ ပြောပါတယ်။ ၀ပ်ထနခမ်းအင်းအနေနဲ့ မီတာ ၅၀၀ ကွာဝေးတဲ့ အိမ်နဲ့ကျောင်း ခရီးစဉ်ကို ယခင်က စက်ဘီးရဲ့ လက်ကိုင်ကို ရင်ဘတ်က ကြွက်သားနဲ့ ထိန်းပြီး ဘယ်ညာချိုးသလို ဘရိတ်ကိုလည်း ကြွက်သားနဲ့ဘဲ ထိန်းချုပ်အုပ်နင်းခဲ့ပါတယ်။ အခုလို ဘုရင့်သားတော်ထံမှ အထူးလက်ဆောင်ရတဲ့အတွက် စာပိုကြိုးစားသွားမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ လက် ၂ ဘက်မရှိတဲ့ ၀ပ်ထနခမ်းအင်းဟာ ပန်းချီဆွဲတာလည်း ၀ါသနာပါပြီး လှပတဲ့ အရုပ်တွေရဲ့ ပိုင်ရှင်လို့ မိခင်ဖြစ်သူက သတင်းထောက်ကို ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up