Home
မေးမြန်းခန်း
အန်စီအေမှာ မြန်မာ့တပ်မတော်က မင်းသားပဲ - ဒေါ်ခွန်ဂျာ
အေးနိုင်
·
September 7, 2015
တပြည်လုံးအပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်လို့ နှစ်ဖက်ခံယူမှုတွေ မတူညီတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း မိမိတို့ဘက်မှ လိုလားချက်များကိုသာ တရားသေ ဆုပ်ကိုင်ဆွေးနွေးခြင်းမျိုး မပြုလုပ်ကြဘဲ ပြည်သူ့အကျိုးကို ရှေးရှုဆွေးနွေးကြဖို့ ‘အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်’က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်။ အရပ်ဖက်အဖွဲ့အစည်း ၁၂၃ ဖွဲ့၊ လူမှုကွန်ယက် ၃၂ ခုနဲ့ တသီးပုဂ္ဂလ ၁၉ ဦးက မနေ့ စက်တင်ဘာ ၆ ရက်နေ့က တိုက်တွန်းတောင်းဆိုချက်ကို ထုတ်ပြန်ခဲ့တာပါ။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်-မူချော ရရှိသည်အထိ ဆောင်ရွက်ခဲ့တဲ့အပေါ် အထူးကျေးဇူးတင်ရှိတယ်လို့ နှစ်ဘက်စလုံးကို ချီးကျူးထားပါတယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်ဟာ ငြိမ်းချမ်းသောနိုင်ငံတော် aပ်ါပေါက်လာစေဖို့ ၂၀၁၂ ခုနှစ် သြဂုတ်လကစပြီး နိုင်ငံတ၀န်း တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းရေးအသိ အမြင်ဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာတဲ့ ကွန်ယက်ဖြစ်ပါတယ်။ ကွန်ယက်ပြောခွင့်ရသူ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာကို ဆက်သွယ်မေးမြန်း ထားပါတယ်။ တိုင်းရင်းသားထိပ်သီးခေါင်းဆောင် ငါးဦး သမ္မတနဲ့တွေ့ဖို့ ရန်ကုန်ကို ရောက်ရှိတဲ့ရက်မှာပဲ ဖိုရမ်က ထုတ်ပြန်ကြေညာတာဆိုတော့ အချိန်ကိုက်တိုက်တွန်းတဲ့သဘောလားခင်ဗျ။ “အဓိကကတော့ နှစ်ဘက်စလုံးကိုပြောတာပါ။ ဒီတိုင်းရင်းသားအဖွဲ့တွေကိုပဲ ပြောတာ မဟုတ်ဘူးရှင့်။ ဒီပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကိုရော၊ ပြီးလို့ရှိရင် တိုင်းရင်းသားခေါင်းဆောင်များကိုရော နှစ်ဖက်ကို ပြောထားတာပါရှင့်။ အဓိကအားဖြင့် လောလောဆယ် သူတို့အနေနဲ့ ပဋိပက္ခဖြစ်နေတယ်ဆိုတာ ကျမတို့အနေနဲ့အမြင်ကတော့ အများဆုံးကတော့ ပထမဦးဆုံးမှာဆိုရင် Inclusiveness (အားလုံးပါဝင်ရေး) ပေါ့နော်။ အားလုံးဘယ်အဖွဲ့တွေပါဝင်မလဲ၊ ဘယ်အဖွဲ့တွေ လက်မှတ်ထိုးသင့်သလဲဆိုတဲ့ဟာရယ်၊ ပြီးရင် ဘယ်သူပါပါ၊ မပါပါ လက်မှတ်ထိုးကြမယ်ဆိုတဲ့အရာတွေပေါ့နော်၊ ဒီဟာတွေက ကျမတို့အတွက်ကို အဓိကပြသနာဖြစ်နေတယ်။ အဲဒီတော့ ကျမတို့ပြည်သူလူထုအနေနဲ့ကတော့ ကိုယ်ပြောသင့်ပြောထိုက်တဲ့အရာတွေကို အကုန်ပြောပြီးပြီလို့ ယူဆပါတယ်။ အဲဒီတော့ အခုလောလောဆယ် နိုင်ငံတော်ဘက်ကနေဆိုလို့ရှိရင် ဥပမာ-တအာင်းပလောင်မပါ၊ အန်အန်ဒီအေအေ (ကိုးကန့်တပ်ဖွဲ့) မပါနဲ့ အဲလိုမျိုးနဲ့ ပြောခဲ့ကြတယ်ပေါ့။ အဲဒီတော့ နိုင်ငံတော်အစိုးရဘက်က အဲဒါကို အသေမဆုပ်ကိုင်ထားနဲ့၊ ပြီးရင် တိုင်းရင်းသား ခေါင်းဆောင်တွေဘက်ကနေဆိုရင် အဖွဲ့က ၂ မျိုး ၃ မျိုးကွဲနေတာကို တွေ့ပါလိမ့်မယ်။ ဥပမာဆိုလို့ ရှိရင် Deal of Commitment (ကတိက၀တ် သဘောတူညီချက်) ထိုးတဲ့အဖွဲ့တွေကကျတော့ ငါတို့ကတော့ ငြိမ်းချမ်းစွာနဲ့ စားပွဲပေါ်မှာပဲ တိုက်တော့မယ်။ ဒါကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးလက်မှတ်ကို ရေးထိုးတော့မယ်လို့ ပြောတယ်။ သို့သော်လည်းပဲ သူတို့ငြိမ်းချမ်းစွာသွားတဲ့ဟာကို ကျတော့ ဒီပလောင်တို့ဘာတို့ကို ချန်ထားလိုက်မယ်ဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းကတော့ တိုက်ပွဲကြာဦးမှာပဲဖြစ်တယ်ပေါ့။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းရေးလို့ပြောပြီးမှ ကျန်တဲ့သူတွေအတွက် ပဋိပက္ခကို ချန်ထားခဲ့တယ်ဆိုရင် ဒါ fair မဖြစ်ဘူး မတရားဘူလို့ မြင်တယ်ပေါ့နော်။ အဲဒီတော့ ငြိမ်းချမ်းမယ်ဆို တနိုင်ငံလုံး ငြိမ်းချမ်းချင်ပါတယ်။ ကိုယ့်ရဲ့မူကိုပဲ ကိုယ်မကိုင်ထားကြပါနဲ့။ တနိုင်ငံလုံးငြိမ်းချမ်းအောင် ပြည်သူလူထုပြောတာတွေလည်း နားထောင်ကြပါဦးဆိုတာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်သူ့ဘက်က အမြင်ကြည့်မယ်ဆိုရင်တော့ ကျမတို့ statement တွေအခါခါ ပေးပြီးပြီ။ ဟိုတခါလည်း ပေးပြီးပြီပေါ့နော်။ အဓိကအားဖြင့်တော့ ဒီထဲမှာဆိုရင် နောက်ဆုံးက ကျမတို့ Civil Society Forum for Peace (အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်) ကနေ ပြီးခဲ့တဲ့အချိန်တုန်းကဆိုရင်လည်းပဲ ကျမတို့ ပြောခဲ့တာက အကုန်လုံး လက်မှတ်ပြိုင်တူထိုးပါ။ တိုင်းရင်းသားဘက်ကိုရော၊ ပြီးရင် ဒီဘက်က အစိုးရဘက်ကိုရော နှစ်ဘက်စလုံးကို ပြောထားတာဖြစ်တယ်။ နောက်တခုက သယံဇာတနဲ့ပတ်သက်ပြီးတော့ လက်ရှိပါနေတဲ့စာရွက်မှာဆိုလို့ရှိရင်လည်းပဲ အစိုးရဘက်က ဒီစာရွက်မှာပါတာကတော့ အန်စီအေ (မူကြမ်း) မှာ ပါတာကတော့ EITI (နိုင်ငံတကာ သယံဇာတများတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုအဖွဲ့) နည်းကို အသုံးပြုပြီးမှ အပစ်အခတ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲရေးပြီးရင် သယံဇာတကိုဖော်ထုတ်မယ်လို့ ပြောကြတာပေါ့နော်။ ထုတ်ယူကြမယ်လို့ ပြောတယ်။ ဆိုတော့ ကျမတို့အနေနဲ့ကျတော့ အပစ်အခတ်ရပ်စဲရေးပြီးတာနဲ့ အဲဒါ မလုပ်ရဘူး။ လက်ရှိလုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အရာတွေကိုလည်း ရပ်တန်းက ရပ်ထား၊ နောက်ထပ်လည်း လိုင်စင်အသစ် မထုတ်ပေးနဲ့ပေါ့။ ဒီကိစ္စတွေအကုန်လုံးကို နေရှင်နယ် ဒိုင်ယာလော့ခ်ပေါ့၊ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ပြီးတဲ့အခါမှ အကြေအလည်ဆွေးနွေးပြီးတော့မှပဲ ဒီဟာတွေကို ထုတ်ယူကြပါလို့။ ပြီးရင် စည်းမျဉ်းဥပဒေ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ထုတ်ယူကြပါဆိုတာမျိုးတွေ ပြောခဲ့ကြတယ်ပေါ့။ အဲဒီတော့ အခုအချိန်မှာ အကုန်လုံး သယံဇာတအပေါ်မှာဆိုလို့ရှိရင်လည်း အမှီမပြုကြပါနဲ့။ အဲဒီတော့ ကိုယ်လုပ်မယ့်ဟာကိုပဲ တရားသေမစွဲကိုင်ဘဲနဲ့ ပြည်သူလူထုပြောတဲ့အတိုင်း လုပ်ပေးပါလို့တောင်းဆိုတာ ဖြစ်တယ်ရှင့်။ ဗမာပြည်ရဲ့သမိုင်းမှာ တပြည်လုံးအပစ်ရပ်ရေး ဒီလောက်နီးစပ်တာ ကျနော်တို့သက်တမ်း မကြုံဖူးဘူး။ နိုင်ငံတော်အကြီးအကဲနဲ့ တိုင်းရင်းသားထိပ်သီးခေါင်ေးဆာင် ၅ ဦးနဲ့တွေ့ဆုံပွဲကို ကိုယ်လိုတာချည်းပဲ မဆုပ်ကိုင်နဲ့ဆိုတော့လေ ဒီပွဲကနေပြီးတော့ လက်မှတ်တစုံတရာ ထိုးမယ်ဆိုရင်ကော၊ အဖွဲ့တချို့ကျန်ကောင်းကျန်မယ်ဆိုရင်ရော အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ဘာကို စိုးရိမ်ပူပန်လဲ။ “ဥပမာဆိုလို့ရှိရင် မြန်မာ့တပ်မတော်ကို ထားလိုက်လို့မရဘူးပေါ့နော်။ ဒီကိစ္စတခုလုံးကို ကြည့်လိုက်မယ်ဆိုရင် မင်းသားက မြန်မာ့တပ်မတော်ပဲဖြစ်တယ်ပေါ့။ အခုလောလောဆယ် ကျမတို့ ညှိနှိုင်းမယ်လို့ပြောတဲ့ မနက်က အချိန်တုန်းကတောင်မှ စတင်ဆွေးနွေးလာတဲ့အချိန်မှာ ကေအိုင်အိုနဲ့ တိုက်ပွဲဖြစ်နေကြတယ်။ တဖက်ကနေလည်းပဲ ဆွမ်ပရာဘွမ်လို ဒေသလိုဟာမျိုးကို လည်း ပိတ်ထားတယ်။ နောက်တဖက်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကြည့်မယ်ဆိုရင် တိုက်ခိုက်မှုအားလုံးရဲ့ ၈၃ ရာခိုင်နှုန်းပေါ့နော်၊ ၂၀၁၃ မေလကနေစပြီးတော့ အခုအချိန်ထိ တိုက်ခိုက်မှုအားလုံးရဲ့ ၈၃ ရာခိုင်နှုန်းက မြောက်ပိုင်းရှမ်းပြည်နယ်မှာ တိုက်နေတာဖြစ်တယ်။ အကယ်၍ ပလောင်ကို ချန်ထားလိုက်တယ်ဆိုလို့ရှိရင် ဒီတိုက်ပွဲတွေဟာ ၈၃ ရာခိုင်နှုန်းဟာ ပလောင်လှုပ်ရှားရာနေရာမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကေအိုင်အိုနဲ့ပဲဖြစ်ဖြစ်၊ ကျန်တဲ့လူနဲ့ ရှမ်းနဲ့ပဲဖြစ်ဖြစ်၊ အဲဒီနေရာမှာ ၈၃ ရာခိုင်နှုန်းသော တိုက်ပွဲတွေကို ချန်ထားလိုက်သလိုပဲ ဖြစ်သွားတယ်ပေါ့။ အဲဒီတော့ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးယူလိုက်တယ်၊ အပစ်အခတ်ရပ်စဲရေး ယူလိုက်တယ်၊ တခြားအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးယူလိုက်တယ်ဆိုပြီးမှ ပလောင်ကို ချန်ထားခြင်းဟာ၊ ပလောင်ကို အမြစ်ဖြတ်လိုက်တိုက်မယ်ဆိုရင် ကျမတို့ အဲဒီက ဒေသက လူတွေ နာမှာပဲ၊ ပြီးလို့ရှိရင် ပလောင်နဲ့ ကေအိုင်အိုကို တည့်ပေးလိုက်လို့မှ တိုက်ရမယ်ဆိုရင်လည်း ကျမတို့ပြည်သူ နာမှာပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ အနေနဲ့ကတော့ အကုန်လုံးကို ထည့်တွက်ပြီးတော့ အားလုံးအတွက် တပြိုင်နက်တည်း လက်မှတ်ရေးထိုးလိုက်တာကိုပဲ လိုချင်ပါတယ်ရှင့်။ အဲဒီတော့ ဖြစ်လာတယ်၊ မဖြစ်လာဘူး ဆိုတာထက် ကျမတို့က စိုးရိမ်ပူပန်တဲ့အပိုင်းကနေပြီးတော့ ဘာမှလုပ်လို့မရတော့ဘူးပေါ့ လောလောဆယ်ဆယ်မှာ။ အဲဒီတော့ ကျမတို့လုပ်လို့မရတဲ့အချိန်မှာ လောလောဆယ် ဆုတောင်းနိုင်တာတခုပဲ လုပ်တယ်။ ဒါကြောင့်မို့လို့ ဒီမနက်ကနေစပြီးမှ ဒီခေါင်းဆောင်ကြီးတွေ ဟာ ကျမတို့ပြည်သူလူထုအားလုံး လိုချင်၊ လိုအပ်တဲ့အတိုင်း တရားမျှတစွာပါဝင်နိုင်ဖို့အတွက် ဘုရားသခင်ရဲ့ စောင့်ရှောက်မှုအောက် ရှိပါစေဆိုပြီး ဒီမှာ ဆုတောင်းခြင်းကို မနက်က စခဲ့ပါတယ်။ ပြီးရင် မနက်ဖန်လည်း Day of Prayer (ဆုတောင်းနေ့) အနေနဲ့ လုပ်ပြီးတော့မှ တနိုင်ငံလုံးမှာ ဆုဝိုင်းတောင်းကြဆိုပြီးမှ ဖိတ်ခေါ်ထားတာဖြစ်တယ်။ လောလောဆယ်အနေနဲ့ ပြည်သူလူထုပါဝင်နိုင်တာ ဆုတောင်းခြင်းတခုပဲဖြစ်တော့တယ်။ ကျန်တာ ဘာမှ စကားပြောခွင့်လည်း မရှိတော့တဲ့အတွက်ကြောင့် ဖြစ်လာတဲ့ပြဿ နာအားလုံး၊ ပြီးလို့ရှိရင် ဆုံးဖြတ်ချက်ကြောင့်ထပ်ပြီးဖြစ်ပေါ်လာတဲ့ အရာအားလုံးကို ဒီဆွေးနွေးပွဲမှာ ပါဝင်မယ့် ခေါင်းဆောင်တွေကပဲ တာဝန်ယူသွားရမှာဖြစ်ပါတယ်ရှင့်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား အန်စီအေ လက်မှတ်ထိုးရေး နီးလာတယ်။ အန်စီအေနဲ့ပတ်သက်လို့ အစိုးရနဲ့ နှစ်ပေါင်း ၇၀ လောက် လက်နက်ကိုင်တိုက်လာတဲ့ တိုင်းရင်းသားတွေ တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတွေ ရလာပြီလို့ စီအက်စ်အိုတွေက ကောက်ချက်ဆွဲလား။ ဘာကြောင့် ဒီလောက်ထိအောင် အပစ်အခတ်ရပ်စဲရေးက နီးစပ်ခဲ့တာလဲ။ “ကျမအနေနဲ့တော့ ဖိအားအမျိုးမျိုးရှိနေပါတယ်။ နံပါတ် ၁ ဖိအားကတော့ ရွေးကောက်ပွဲပါ။ ပြီးလို့ရှိရင် တဖက်က Lobby တွေကို ကြည့်လိုက်မယ်၊ ပြီးရင် ငွေရှိတဲ့လူတွေကိုလည်း ကြည့်လိုက်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာမှ မထိုးရင် နောက်အစိုးရက ဦးသိန်းစိန်အစိုးရလိုမျိုး ငြိမ်းချမ်းရေးလုပ်ငန်းကို စိတ်ဝင်စားမှာမဟုတ်ဘူးဆိုပြီး နောက်တက်မယ့်အစိုးရရဲ့ကို နာမည်ကြိုဖျက်ပြီးတော့မှ Pressure ဖိအားပေးနေတာနဲ့ တူနေပါတယ်ရှင့်။ အဲဒါက နံပါတ် ၁ ပေါ့။ ဒုတိယတခုကတော့ ဒီအပစ်အခတ်ရပ်စဲရေးရယ်၊ အပစ်အခတ်ရပ်စဲရေးဟာ ဦးသိန်းစိန်အစိုးရရဲ့ တခုတည်းသော အောင်လက်မှတ်လို့ ပြောလို့ရတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုရင် သူ့ကာလအတွင်းမှာ Clean Government (သန့်ရှင်းသောအစိုးရ) ဆိုတာလည်း အခုအချိန်မှာ Corruption ခြစားမှုတွေ အပြည့်ဖြစ်နေတယ်။ ပြီးလို့ရှိရင် အခြားသော ပညာရေး ဘာညာ Reform (ပြုပြင်ပြောင်းလဲရေး) အားလုံး တခုမှ အောင်မြင်တာဆို မပြနိုင်ဘူးရှင့်။ ပြောမယ်ဆို ကျောင်းသားအရေး၊ အလုပ်သမား၊ လယ်သမားအရေးရော၊ ပြီးရင် တဖက်ကနေလည်းပဲ ရင်းနှီးမြှုပ်နှံမှုအရေးရော အကုန်ပြောမယ်ဆိုရင် ပြည်သူလူထုအတွက် အကျိုးရှိတာကို ပြနိုင်တာ တခုမှ မရှိတဲ့အတွက်ကြောင့်မို့လို့ ဒီဟာဟာ နောက်ဆုံး အစိုးရရဲ့လက်ချက်က အောင်လက်မှတ်ပဲ ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် မရရအောင် ကျုံးသွင်းပြီးယူနေတယ်လို့ပဲ မြင်ပါတယ်ရှင့်။ အဲဒီတော့ တဖက်က တိုင်းရင်းသားခေါင်းဆောင်တွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ မိမိတို့လိုချင်တဲ့အရာကို သူတို့အတတ်နိုင်ဆုံး ညှိနှိုင်းသော်လည်းပဲ သူတို့တတွေရဲ့ နည်းပညာအရသော်လည်းကောင်းပေါ့ အချို့နေရာတွေမှာ လွဲနေသေးတာတွေ့ရတယ်ပေါ့ ပြည်သူလူထုရှုထောင့်ကနေကြည့်မယ်ဆိုရင်။ အဲဒီတော့ အဲဒီအခြေအနေမှာ Maximum (အများဆုံး) ဒီညှိနှိုင်းရေးမှာတော့ သူတို့ တတ်နိုင်တဲ့အထဲက သူတို့ရဲ့ ပါဝါ ရှိသမျှထဲမှာ တော့ capacity စွမ်းဆောင်ရည်က bar ဆုံးနေပြီဖြစ်တယ်။ နောက် အစိုးရနဲ့ ညှိရင်လည်းပဲ ဒီအစိုးရ ဒီလူတွေပဲ ပြန်တက်တယ်ဆိုရင် ဒီအတိုင်းပဲ ဒီထက်ပိုပြီးညှိနှိုင်းမယ့်ပုံ မရှိဘူးလို့ ယူဆပုံရပါတယ်။ ကျမတို့ အမြင်မှာလည်း အဲလိုပါပဲ။ ဘာဖြစ်လို့လည်းဆိုရင်တော့ Key ကတော့ ဘယ်သူပဲဖြစ်နေလဲဆိုရင်တော့ တပ်မတော်ပါပဲ။ တဖက်ကနေလည်းပဲ စစ်ရေးအရ ဖိအားပေးတာကို နေရာတကာမှာ ခံရနေတယ်။ ပြီးရင် တဖက်ကနေလည်းပဲ စီးပွားရေးအရ၊ ရင်းနှီးမြှုပ်နှံမှုအရ ဒီဘက်က ဖြားယောင်းသွေးဆောင်နေတာကလည်း တိုင်းရင်းသားတိုင်း ခံနေရတာကို ကျမတို့ တွေ့နေရတယ်ရှင့်။ အဲဒီတော့ ဒီ pressure တွေရဲ့အောက်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း အဖွဲ့က ၂ ဖွဲ့၊ ၃ ဖွဲ့လောက် ကွဲလာသလိုမျိုး မြင်နေရတယ်ပေါ့နော် ကျမတို့ရဲ့အမြင်မှာ။ ဥပမာဆိုရင်တော့ ပစ်ခတ်မှုကို အရမ်းကို ငြီးငွေ့သွားမယ့်အဖွဲ့လည်းရှိမယ်။ တချို့ကတော့ တပ်မရှိဘဲနဲ့ ဗိုလ်ပဲရှိမယ့်အဖွဲ့လည်း ရှိမယ်ပေါ့။ တချို့ကျတော့လည်းပဲ တိုက်ပွဲမဖြစ်တဲ့အခါကျတော့၊ မိမိတို့ဒေသမှာ တိုက်ပွဲမဖြစ်တော့ အပစ်အခတ်ရပ်စဲရေးလည်းပဲ ပြည်ထောင်စုအဆင့်ကို ယူထားပြီးသားတွေ ရှိတဲ့အခါကျတော့ ဘိုင်လက်ထရယ် နှစ်ဖွဲ့ချင်းလက်မှတ်ထိုးထားကြတဲ့ အဖွဲ့တွေလည်း ရှိတဲ့အခါကျတော့ အေးအေးဆေးဆေးပဲ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ချင်တာတွေလည်းရှိနေပြီလို့ မြင်နေရတယ်ရှင့်။ အဲဒီတော့ ဒီဟာတွေ အကုန်လုံးကြည့်မယ်ဆိုရင်တော့ သူတို့အတွက်လည်း Pressure ဖြစ်နေတယ်။ အဲဒီတော့ တဖက်ကနေလည်း နိုင်ငံတော်ရဲ့အစီအစဉ်က ဒီအန်စီအေဆိုတာ တ၀က်လောက်ပဲပါတာတောင် ဟို ၁၅ ဖွဲ့လို့ပြောတာတောင်မှ၊ ပလောင်တွေဘာတွေ ချန်တာတောင်မှ အန်စီအေလို့ခေါ်ဦးမယ်။ ပြီးလို့ရှိရင် ထိုးချင်သလောက် လူတွေပဲ ထိုးလိုက်လို့ရှိရင်တောင်မှ ဒီလက်ထရယ်လို့ ခေါ်မယ်ပေါ့နော်။ ပြီးလို့ရှိရင်တော့ နောက်ဆုံးက Open Book ဆိုရင်လည်း Comprehensive (ပြည့်စုံကျယ်ပြန့်) လို့ခေါ်ဦးမယ်ဆိုတဲ့ပုံမျိုးတွေနဲ့ ရှိနေတဲ့အခါကျတော့ အုပ်စုလိုက်မထိုးရင်၊ အခက်အခဲမှာ မပါရင်လည်း ကျန်ခဲ့တဲ့ လူတွေကတော့ အသေအလဲခံရမှာပဲဖြစ်တယ်။ ထိုးလိုက်ပြန်ရင်လည်း ချန်ထားခြင်းခံရတဲ့ အဖွဲ့တွေကတော့ အသေအလဲ ခံရမှာပဲဖြစ်တယ်။ အဲဒီတော့ အကုန်လုံးအခြေအနေကို ကြည့်မယ်ဆိုရင်တော့ ထိုးဖို့အတွက် ဆုံးဖြတ်တယ်လို့ ကျမအနေနဲ့ အဲ ထိုးဖို့အတွက် ကြိုးစားကြတယ်လို့ပဲ မြင်ရပါတယ်ပေါ့။ ဒါကတော့ Timing (အချိန်ဇယား) အရလည်းပဲ တခြားဟာတွေလည်း ရှိနေတဲ့အတွက်ပေါ့။ ပြည်သူအများ မျှော်လင့်သလို တဖက်နဲ့တဖက် ယုံကြည်ချက်တွေ ရသထက်ရ၊ ရသထက်ရပြီးတော့ အန်စီအေ လက်မှတ်ရေးထိုးကာနီးအဆင့်ကို ရောက်ခဲ့တာ မဟုတ်ဘဲ ဖိအားတွေ၊ ကျုံးသွင်းမှုတွေကြောင့် ဒီအခြေရောက်တယ်လို့ ဆိုချင်တာလား။ “ဟုတ်ပါတယ်။ အခုအချိန်မှာတော့ ယုံတယ်လို့ တယောက်မှတော့ မရှိဘူးပေါ့။ ကျမလည်း မယုံပါဘူး။ ဒါပေမယ့် ယုံဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတဲ့ အဆင့်ပဲဖြစ်နေပါတယ်။ ဒါပေမယ့် တဖက်ကလည်း လှုပ်ရှားမှုကို ကြည့်ရင် ယုံနိုင်စရာကို မရှိဘူးရှင့်။” သမ္မတနဲ့ ထိပ်သီးခေါင်းဆောင်တွေ လာမယ့်နှစ်ရက်အတွင်း တွေ့ကြတော့မယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဒီခေါင်းဆောင်တွေကို ရှေ့မျက်နှာနောက်ထားပြီး ဘာပြောစရာကျန်ဦးမလဲခင်ဗျ။ “နံပါတ် ၁ ကတော့ အားလုံးမပါရင်တော့ ဘယ်သူမှ မထိုးခဲ့ကြပါနဲ့ပေါ့။ ဘာဖြစ်လို့လည်းဆိုရင် ဘယ်နေရာမှာပဲကျန်ကျန်၊ ကျန်ခဲ့တဲ့သူတွေကလည်း ကိုယ့်မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေပဲ ဖြစ်တယ်ပေါ့။ ပလောင်တွေကပဲကျန်ကျန်၊ ရှမ်းနီကပဲကျန်ကျန်၊ ကချင်နေရာပဲကျန်ကျန်၊ ရခိုင်ပဲကျန်ကျန်ပေါ့။ ကျန်တဲ့သူတွေလည်း နိုင်ငံသားတွေ ဖြစ်တဲ့အတွက်ကြောင့် အားလုံး နိုင်ငံသားအားလုံးကို ကာကွယ်ဖို့အတွက် ခေါင်းဆောင်တိုင်း၊ နိုင်ငံ့ခေါင်းဆောင်လို့ ခံယူထားတဲ့သူတိုင်းမှာ တာဝန်ရှိတယ်ရှင့်။ ဒါကြောင့်မို့လို့ ထိုးမယ်ဆိုရင် အကုန်လုံးပါအောင် ခေါ်ပြီးမှ လက်မှတ်ရေးထိုးပေးပါပေါ့။ အဲဒီတော့ အကုန်လုံးပါအောင်ခေါ်ပြီးမှလို့ ပြောတဲ့အခါမှာ ယူပီစီစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ)၊ ယူပီဒဗလျူစီ (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ)၊ တိုင်းရင်းသားခေါင်းဆောင် အားလုံးကို ဆိုလိုပါတယ်ရှင့်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024