မိုးများမှုကြောင့် လယ်သမားများ၏ မျိုးစပါးပျက်စီး
နော်နိုရင်း
·
June 20, 2011
ပြီးခဲ့တဲ့ အပတ်လောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းမှာ မျိုးစပါးတွေ ရေမျော ပျက်စီးကုန်တယ်လို့ ဘိုကလေးမြို့ခံတဦးက ပြောပါတယ်။
မိုးများပြီး ပင်လယ်ရေတက်လာတဲ့အပြင် လှိုင်းပုတ်တာကြောင့်လည်း မျိုးစပါးတွေ ပျက်စီးရတာဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားတွေ စပါးမျိုးရှာပြီး စပါးပြန်ပျိုးရသလိုး မျိုးထပ်မဝယ်နိုင်တဲ့ လယ်သမားတွေကတော့ အခက်တွေ့နေကြတယ်လို့ အဲဒီဘိုကလေးမြို့ခံ လယ်သမားက ပြောပါတယ်။
“မိုးကကြီးလာတော့ ရေကအောက်ရေ တက်လာတယ်။ လယ်သမားတချို့တော့ ပြေးကြတယ်။ ပြီးခဲ့တဲ့ရက်တွေက နေ့တိုင်းလိုလိုရွာနေတာ။ မျိုးတွေက လှိုင်းပုတ်လို့ အပေါ်ကိုမျောတာတို့ အဲဒါမျိုးပျက်စီးတာတို့၊ လှိုင်းပုတ်တော့ အမြစ်က ရေပေါ်ပြီးတော့ မျောသွားတာတွေရှိတယ်။ နောက် သဘာဝဘေးအန္တရာယ်နဲ့ ပျက်စီးတာတွေရှိတာပေါ့။ ပျက်စီးသွားတာတွေကို မျိုးပြန်ချဖို့ပြန်လုပ်ရတာပဲ။ မျိုးစပါးစေ့ကလည်း ဈေးကြီးတယ်။ တတ်နိုင်တဲ့လူကတော့ မျိုးစပါးစေ့ကိုဝယ်ပြီး မျိုးထောင်ကြတာပေါ့။ မတတ်နိုင်တဲ့လူကတော့ ဒီတိုင်းပဲ ကြည့်နေရတာပေါ့။”
ဘိုကလေးမြို့နယ်အတွင်းက ပင်လယ်နဲ့နီးတဲ့ ဒေသတွေဖြစ်တဲ့ ကွမ်းသီးချောင်း၊ စပ်စု နဲ့ ကတုံးကျွန်း စတဲ့ ဒေသတွေမှာ ပျက်စီးမှုများတယ်လို့ သူက ဆက်ပြောပါတယ်။
ဧရာဝတီတိုင်း လပွတ္တာ၊ မော်ကျွန်း စတဲ့ဒေသတွေမှာ အလားတူပြဿနာမျိုး ရင်ဆိုင်နေရပါတယ်။ လက်ရှိအခြေအနေမှတာတော့ မျိုးစပါး ၄ ပုံတပုံ လောက်ပျက်စီးနေပြီလို့ ဘိုကလေးမြို့ခံက ပြောပါတယ်။
မိုးများမှုကြောင့် လယ်သမားများ၏ မျိုးစပါးပျက်စီး