Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရိုးတလျှောက်က မြို့အတော်များများ ရေကြီးရေလျှံမှုဖြစ်
နန်းမြနဒီ
·
September 7, 2015
စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ရိုးတလျှောက်က ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးနဲ့ ယင်းမပင် စတဲ့မြို့နယ်တွေမှာ ရေကြီးမှုဒဏ်ကို ခံနေရဆဲပဲ ဖြစ်ပါတယ်။ ဖောင်းပြင်မြို့နယ်မှာဆိုရင် ရေကြီးတာ ၁၀ ရက်လောက်ရှိသွားပြီဖြစ်ပြီး ခုထိ အနည်းငယ်သာ ကျသေးကြောင်း၊ ဒါဟာ ၈ နှစ်အတွင်းမှာ အဆိုးရွားဆုံးပဲလို့ ဖောင်းပြင်မြို့နယ် ရှမ်းနီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်သန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဆီမှာ ရေကြီးနေတာ ၁၀ ရက်လောက်ရှိပြီ။ ရေက နည်းနည်းတော့ ကျပါတယ်။ ဒါပေမယ့် ဆယ့်နှစ်ပေလောက်ထိ မြင့်နေတုန်းပဲ။ အခု ကျနော့်အိမ်အောက်ထပ်လည်း ဆယ်ပေလောက်က ရေထဲမှာ။ အဲဒါ အိမ်ပေါ်မှာ စင်တခုထပ်ထိုးပြီး နေနေရတယ်။ ရေကြီးတာ တော်တော်ဆိုးပါတယ်။ ၈ နှစ်အတွင်း အဆိုးဆုံးပဲ။” ဖောင်းပြင်မှာ ကျွန်းရွှေဝါနဲ့ အင်ကြင်းမြိုင်ရပ်ကွက် ၂ ခုက အိမ်ခြေ ၈၀၀ ကျော် ရေလွှမ်းနေပြီး တချို့က အပေါ်ထပ် တက်နေကာ တစ်ထပ်အိမ်က လူပေါင်း ၇၀၀ ကျော်ကတော့ ဘုရားကုန်း နဲ့ ရာဇမုနိကုန်းပေါ်က ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေနေရတယ်လို့ သူက ဆက်ပြော ပါတယ်။ ရေဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာကို နိုင်ငံရေးပါတီနဲ့ ဘုန်းကြီးကျောင်းက ၀ိုင်းဝန်းထောက်ပံ့ ထားကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းကတော့ စက်လှေနဲ့သွားလာရေး အကူအညီပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖောင်းပြင်မြို့နယ်ထဲက ကယောင်း၊ သာစည်၊ သက်ကယ်ကျင်း၊ မန်မော်၊ မင်းရား စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်ထဲလည်း ရေ၀င်ကာ လယ်စိုက်ကွင်းဧကပေါင်းရာချီ နစ်မြှုပ်နေတယ်လို့ ဦးကျော်သန်းက ပြောပါတယ်။ ဖောင်းပြင်မြို့နယ် အထက်ဘက် ဟုမ္မလင်းမြို့မှာတော့ စက်တင်ဘာလ ၄ ရက်နေ့ကတည်း ကစပြီး ရွာပေါင်း ၁၅ ရွာ ရေတွေဝင်နေကာ လူပေါင်း ၇၀၀ ကျော် မြို့မကျောင်း ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ မန္တလေးအခြေစိုက် ဥရုမြစ်ရိုး သာရေး နာရေး အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ဆီမှာရှိတဲ့စာရင်းအရ ရေဘေးရှောင်ပြည်သူ ၇၂၀ ရှိပါတယ်။ သူတို့ကို ကူညီဖို့ မနေ့က အလှူခံထွက်တာ ၄၁ သိန်းနဲ့ ၇ သောင်း ၅ ထောင်ရတယ်။ ပြီးတော့ အဲဒီမှာ ၀မ်းလျှောရောဂါဖြစ်တဲ့ လူတွေလည်းရှိလို့ ဓာတ်ဆားရည် အထုတ် ၂ ထောင် ပို့ပေးဖို့ရှိပါတယ်။” ဟုမ္မလင်း ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းမှ ဦးစိုင်းမင်းဆွေကလည်း ဒီကနေ့မှာ ရေ ၂ ပေလောက်ကျသွားပေမယ့် အနီးတ၀ိုက် ကျေးရွာပေါင်း ၃၀၀ ကျော်မှာ သုံးပုံ ၂ ပုံလောက်က ရေ၀င်နေဆဲဖြစ်ပြီး စပါးပင်တွေ ဧကပေါင်းမရေနိုင်အောင် ပျက်စီးတယ်လို့ ဒီဗွီဘီကို ပြောပါ တယ်။ ရွာက ရေဘေးသင့်ပြည်သူတွေကတော့ ဟုမ္မလင်း ရှမ်းစာပေယာဉ်ကျေးမှု အသင်းတိုက်၊ မြို့မကျောင်းတိုက်၊ အမက၊ အထက ကျောင်း၊ သီတဂူကျောင်းတိုက်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။ ကလေးဝမြို့နယ်မှာလည်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် အခုလ ၄ ရက်နေ့ကတည်း မြို့တွင်းရေ ၀င်နေပြီး မြစ်ဘေးတလျှောက်က ရေမြုပ်နေတဲ့ အိမ်တွေ ရေလွတ်ရာကို သွားရောက်နေ ထိုင်နေကြရတယ်လို့ မြို့နယ် ဦးအောင်ဇော်ဦးက ပြောပါတယ်။ ဒါ ဒုတိယ အကြိမ် ရေကြီးတာဖြစ်ပြီး အရင်တခါကြီးနေရေမကျခင်မှာ ထပ်ကြီးတာဖြစ်တယ်လို့ ပြောပါတယ်။ “အရင်တခါ ကလေးမြို့ဖက်က ကြီးတဲ့ရေ၊ မေတ္တာဖက်က ကြီးတဲ့ရေက လုံးဝလျော့မသွားဘူး။ ကလေးမြို့မှာ ရေကျသွားမေပယ့် ကလေးဝမှာကတော့ ရေက နေအိမ်ကနေ ခန ထွက်တယ်ဆိုရုံပဲ။ အဲဒါပြီးတော့ ချက်ချင်းပြန်ပြီးတက်လာတာဆိုတော့ ဆက်သွားသလိုဖြစ်သွားတာပေါ့။ အခုရေက တက်နေတုန်းပဲ။ ဒါပေမယ့် တက်နှုန်းတော့ မများဘူး။ ” ရေကနှစ်ခါပြန်ကြီးနေတဲ့အတွက် ဒေသခံတွေအတွက် အစားအသောက်၊ ဆန်နဲ့ မိုးကာအကူအညီ အဓိက လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ အလားတူ ကလေးဝအောက်ဖက် ယင်းမပင်မြို့နယ်မှာလည်း ချင်းတွင်းမြစ်ဘေးတလျောက်က ကျေးရွာ ၁၀ လောက် ဖြစ်ရေ၀င်လို့ ရေကြီးရေလျံမှုတွေ ဖြစ်ပွားနေပါတယ်။ ယင်းမပင်မြို့နယ် ဘိန်းနွယ်ချောင်ကျေးရွာမှာဆိုရင် အိမ်ခြေ ၂၀၀ ကျော်ရှိရမျာာအားလုံး နီးပါးရေနစ်မြုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါ ဒုတိယအကြိမ်ရေနစ်မြုပ်တာဖြစ်ပြီး အရင်နှစ်တွေတုန်းက ဒီလို ရေကြီးတာမျိုးမရှိဘူးလို့လည်း ဘိန်းနွယ်ထောင်ဒေသခံအမျိုးသမီးတဦက ပြောပါတယ်။ “ဒီတခါ ရေကြီးတာနဲ့ဆိုရင် နှစ်ခါရှိပြီ။ အရင်အပတ်တုန်းကလည်း တရွာလုံးလိုလို မြုပ်တာပါပဲ။ အိမ်ခြေ ၂၅၀ ရှိတာမှာ ၆ အိမ်လောက်ပဲ မမြုပ်တာပေါ့ ဒါပေမယ့် အဲဒီ ၆ အိမ်က လည်းရေရောက်တာပဲ။ တရွာလုံးမြုပ်တဲ့အခါကျတော့ အနီးနားပတ်ဝန်းကျင်က လူမှုရေးရှိတဲ့ သူက လာပြီးတော့ထောက်ပံ့ကူညီကြပါတယ်။ မြို့နယ်အဖို့ရာတော့ လာပြီးထောက်ပံ့တာ နည်းတယ်။ အခုကလည်း ဒီရေကလည်း မကျဘဲ ဆက်လက်ပြီးတက်နေတာ။ ” မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း အနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဖြစ်စဉ် တခုလုံး ဆုံးရှုံးမှု အားလုံးတန်ဖိုးဟာ ကျပ် ၁၆၅ ဘီလီယံလောက်ရှိမယ် ခန့်မှန်းတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024