Home
မြန်မာသတင်း
စိစစ်ပြီး အမတ်လောင်း အမည်စာရင်း ကော်မရှင်ရုံးများတွင် ကြည့်နိုင်ပြီ
DVB
·
September 7, 2015
၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲအတွက် စိစစ်အတည်ပြုပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက်  ကြေညာ ကပ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ အတည်ပြုပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စက်တင်ဘာ ၄ ရက်ကစတင်ပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြေညာကပ်ထားတာလို့ ဆိုပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်းသူက   “ကျနော်တို့ မဲဆန္ဒနယ်မကပ်ဖို့ ဆိုင်းငံ့ထားတဲ့နေရာ ၃၇ နေရာပဲရှိတယ်။ အားလုံး မဲဆန္ဒနယ် ၁၀၀၀ ကျော်ရှိတဲ့အထဲမှာ ၃၇ နေရာ စိစစ်ဆဲကာလ ဖြစ်တဲ့အတွက် ဆိုင်းငံ့ထားပါတယ်။ ဒါကလည်း ခရိုင်တခုပြီးတာနဲ့ တန်းကပ်ပါမယ်။ တခုပြီးတခု ပေးကပ်ဖို့လည်း ညွှန်ကြားထားတာ ရှိပါတယ်။ အဲဒီနေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး သွားကြည့်လို့ရပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကော်မရှင်မှာ အမည်စာရင်း တင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၆၁၈၉ ဦး ရှိရာမှာ ၈၈ ဦးကတော့ ရွေးကောက်ပွဲဥပဒေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ပယ်ချခံရပြီး အယူခံ ပြန်လျှောက်ထားခဲ့ကြလို့ စစ်နေဆဲ ဖြစ်ပါတယ်။ အယူခံပြန်ဝင်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲ ပြည်သူ့လွှတ်တော်မှာ ၁၀ ဦး၊ အမျိုးသားလွှတ်တော်မှာ ၈ ဦးနဲ့ တိုင်းဒေသကြီးမှာ ၃၅ ဦး၊ စုစုပေါင်း ၅၃ ဦးကို စိစစ်နေဆဲဖြစ်ပြီး ကျန်သူတွေကတော့ ပြန်လည်လက်ခံခဲ့တယ်လို့ ကော်မရှင်အရာရှိက ပြောပါတယ်။ နိုင်ငံရေးပါတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မနက်ဖြန် စက်တင်ဘာ ၈ ရက်နေ့ မနက်ကစပြီး ရက်ပေါင်း ၆၀ ကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောမှုတွေ စတင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024