စင်ကာပူ အာဏာရပါတီ မဲဆန္ဒနယ်အားလုံးတွင် အတိုက်အခံနှင့် ယှဉ်ပြိုင်ရမည်

စင်ကာပူ အာဏာရပါတီ ပီအေပီကို ထောက်ခံသူများ။ (ဓာတ်ပုံ - ရိုက်တာ)
1.6K
စင်ကာပူ နိုင်ငံမှာ စက်တင်ဘာ ၁၁ ရက်နေ့ကျရင် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပဖို့ရှိပြီး အာဏာရပါတီဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မဲဆန္ဒနယ် ၈၉ ခုစလုံးမှာ အတိုက်အခံတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။
အာဏာရ ပီအေပီ ပါတီကို စင်ကာပူနိုင်ငံ ဖခင်ကြီးအဖြစ် တင်စားကြတဲ့ လီကွမ်ယုက ဦးဆောင်ထူထောင်ခဲ့ပြီး နိုင်ငံ လွတ်လပ်ရေးမရခင် ၆ နှစ်ကတည်းက အာဏာရခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၁ ရွေးကောက်ပွဲမှာတော့ ထောက်ခံသူဦးရေ ကျဆင်းသွားခဲ့တဲ့အတွက် အခုတခေါက်မှာ ပါတီက တကျော့ပြန် အားကောင်းဖို့ ကြိုးစားနေပါတယ်။
စင်ကာပူမှာ နေထိုင်စားသောက်စရိတ် မြင့်မားတာနဲ့ နိုင်ငံခြားသား ၀င်ရောက်နေထိုင်မှု ကိစ္စတွေနဲ့ ပတ်သက်လို့ အာဏာရပါတီရဲ့ မူဝါဒတွေကို ပြည်သူတွေက မကျေနပ်နိုင် ဖြစ်နေကြပါတယ်။
ဒါကြောင့် ၂၀၁၁ ရွေးကောက်ပွဲ နောက်ပိုင်းမှာတော့ အစိုးရက နိုင်ငံခြား အလုပ်သမားတွေ ၀င်ရောက်မှုကို ထိန်းချုပ်ခဲ့ပြီး အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်တဲ့ အစီအမံတွေနဲ့ လူအိုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စတွေကို ဂရုတစိုက် ဆောင်ရွက်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ စာရင်းတင်ပြီးနောက် ၀န်ကြီးချုပ် လီက "ဒါက ခင်ဗျားတို့ အနာဂတ်နဲ့ ဆိုင်ပါတယ်။ ပီအေပီကို သေချာ မဲပေးကြပါ။ ခင်ဗျားတို့နဲ့အတူ၊ ခင်ဗျားတို့အတွက်၊ စင်ကာပူအတွက် ကျနော်တို့ လက်တွဲ အလုပ်လုပ်သွားကြမယ်" လို့ သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ဟာ စင်ကာပူ စီးပွားရေး နှေးကွေးချိန်နဲ့ တိုက်ဆိုင်နေပါတယ်။