Home
မြန်မာသတင်း
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နုတ်ထွက်
DVB
·
September 7, 2015
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညွန့်ရွှေဟာ  မိမိဆန္ဒသဘောအရ တာဝန်ကနေ နုတ်ထွက်လိုက်တယ်လို့ ဒီကနေ့ ဒီဗွီဘီကို ပြောပါတယ်။ သား ၂ ဦး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိတာကြောင့် နုတ်ထွက်ခွင့် တင်ခဲ့တာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း သြဂုတ် ၁၆ ရက်မှာ  နုတ်ထွက်ခွင့်ပြု လိုက်တယ်လို့ ဦးညွန့်ရွှေက ပြောပါတယ်။ “ဘယ်သူမှ ဖိအားပေးပြီး နုတ်ထွက်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ပါပဲ။ သားနှစ်ယောက်က ရွေးကောက်ပွဲဝင်မယ်ဆိုတော့ အားလုံးက သံသယရှင်းအောင်ပေါ့၊ သားတွေလည်း ရွေးကောက်ပွဲမှာ ပြည်သူတွေ သံသယရှင်းအောင်၊ နောက် ကျနော့်အပေါ်မှာလည်း သံသယရှင်းအောင်ပေါ့။ ရွေးကောက်ပွဲက ဘာပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမှာကိုး၊ နဂိုကတည်းက ဘက်မလိုက်ခဲ့တဲ့သူဆိုတော့ နုတ်ထွက်လိုက်တာပါ။” ရွေးကောက်ပွဲဥပဒေအရလည်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ မိသားစုဝင် မဖြစ်သင့်ဘူးလို့ ဦးညွှန့်ရွှေက ပြောပါတယ်။ ဦးညွန့်ရွှေရဲ့ သားနှစ်ဦးအနက် ဦးဝင်းညွန့်က ကချင်ပြည်နယ်လွှတ်တော်  ၀ိုင်းမော်မြို့နယ် မဲဆန္ဒနယ် (၁) မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဦးဝင်းဦးကတော့  ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီကနေ ကချင်ပြည်နယ် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်မှာပါ။ တာဝန်က နုတ်ထွက်သွားတဲ့ ဦးညွန့်ရွှေရဲ့ နေရာမှာတော့ ပြည်နယ် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်ကွန်းကို အစားထိုး ခန့်အပ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024