လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းတွင် မိုင်းခွဲခံရ
DVB
·
June 20, 2011
[caption id="attachment_11106" align="alignleft" width="310" caption="ဗုံးပေါက်ကွဲရာအနီးက စိန်လုံရွာ (ဓာတ်ပုံ Missgreenlady)"][/caption]
မနေ့ညက ကချင်ပြည်နယ် လွယ်ဂျယ်နဲ့ မိုးမောက်အကြားက တံတားနဲ့ လမ်းတွေ မိုင်းနဲ့ ထပ်ပြီး အခွဲခံခဲ့ရလို့ လမ်းကြောင်း လုံးဝပြတ်တောက်သွားပြီး ယာဉ်တွေ သွားမရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလ (၁၅) ရက်နေ့က လွယ်ဂျယ်နဲ့ မိုးမောက်အကြားက တံတား (၃) ခု မိုင်းခွဲ ဖျက်ဆီးခံခဲ့ပြီး နောက်တရက်မှာလည်း တံတားနဲ့ လမ်းဘေး ကမ်းပါးယံ သုံးနေရာကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် ကုန်ကားကြီးများ သွားလာလို့ မရဘဲ ခရီးသည်တင် ကားငယ်လေးတွေသာ ဝါးတွေနဲ့ ယာယီတံတားထိုးလို့ ဖြတ်သန်းနေရပါတယ်။
မနေ့ညကလည်း မိုင်းခွဲခံရလို့ ဒီနေ့မှာတော့ ကားငယ်တွေလည်း သွားလို့ မရတော့တဲ့အကြောင်း လွယ်ဂျယ်ဒေသခံတဦးက အခုလို ပြောပါတယ်။
“မနေ့ညက လေးလုံးပြန်ခွဲပြန်တယ်။ စိန်လုံနားမှာရယ်၊ ယောရုံနားမှာ တံတားတွေပဲ။ နောက်တချက်က အကွေ့နေရာ၊ မြေကြီးကို ဖြိုတာ။ ကား အသေးတွေကတော့ လွန်ခဲ့တဲ့ နေ့တွေက သွားလို့ ရသေးတာကိုး။ အခုက လုံးဝ သွားလို့ မရအောင် ပြန်ခွဲပြန်တာ။ တခြားနေရာတွေ ပြန်ခွဲတာ။ အဲဒီနေရာ မဟုတ်တော့ဘူး။ ခွဲတာက လုံးဝသွားလို့ မရတော့ဘူး။”
လွယ်ဂျယ်-မိုးမောက် လမ်းပိုင်းဟာ လွယ်ဂျယ်-ဗန်းမော် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရဲ့ အစိတ်ပိုင်းလည်းဖြစ်တာမို့ မိုင်းခွဲမှုတွေစတင်ခဲ့တဲ့ အခုလ (၁၅) ရက်နေ့ကတည်းက နယ်စပ် ကုန်သွယ်ရေးတွေ ရပ်တန့်နေပြီး ကုန်ကားတွေ တရုတ်ပြည်ဘက်မှာ သောင်တင်နေပါတယ်။
အခုအခါ လမ်းကြောင်းပြတ်တောက်သွားတဲ့အတွက် ကုန်သည်တွေအကုန်လုံးဘာမှ လုပ်လို့မရတော့ဘူးလို့ အဆိုပါ လွယ်ဂျယ်ဒေသခံက ပြောပါတယ်။
“လွယ်ဂျယ်ဘက်က ကုန်သည်တွေလည်း ကားနဲ့ ကုန်နဲ့ ပုံသွားပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး။ လမ်းကြော ပြတ်သွားပြီ။ နယ်စပ်ကုန်သွယ်ရေး လားရင်းဘက် အခြမ်းထဲမှာ ပုံထားတယ်ကား။ ကုန်သည်ကြီးများအသင်းပေါ့၊ အရပ်သားကုန်သည်တွေည်း သောင်တင်နေကြတယ်။ ကုန်ကားကြီးတွေကတော့ လားရင်းမှာပဲ သောင်တင်နေကြတယ်။ (၁၅) ရက်ကနေ အခုက (၂ဝ)ဆို (၅) ရက်ရှိပြီပေါ့။”
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ မြန်မာစစ်တပ်တွေအကြား ဇွန် (၉) ရက်နေ့က တိုက်ပွဲတွေ ပြန်ဖြစ်လာပြီးနောက်ပိုင်း ကေအိုင်အိုအဖွဲ့က ဇွန် (၁၅) ရက်ကစလို့ ကချင်ပြည်နယ် နေရာအနှံ့မှာ အဓိကကျတဲ့ လမ်းကြောင်းတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ဆက်တိုက်လုပ်လာနေခဲ့တာ ဖြစ်ပါတယ်။