စစ်ပြေးဒုက္ခသည်များအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်မည်ဟု သြစတြေးလျ ပြော

သြစတြေးလျဝန်ကြီးချုပ် တိုနီအဘတ်။ (ဓာတ်ပုံ - ရိုက်တာ)
သြစတြေးလျ နိုင်ငံက ဆီးရီးယားနဲ့ အီရတ်နိုင်ငံ စစ်ပြေးဒုက္ခသည်တွေကို ပိုမိုခေါ်ယူမှာဖြစ်ပြီး ဒုက္ခသည်တွေအတွက် ငွေကြေးကူညီထောက်ပံ့မှုတွေကိုလည်း တိုးမြှင့်သွားမယ်လို့ ၀န်ကြီးချုပ် တိုနီအဘတ်က စက်တင်ဘာ ၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ အခုလို ဒုက္ခသည်အရေးကို ပိုမိုထောက်ပံ့ကူညီသွားမှာဖြစ်ပေမယ့် အရှေ့အလယ်ပိုင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ကမ္ဘာ့နိုင်ငံတွေ အခုထက်ပိုပြီး ကြိုးစားအားထုတ်ဖို့ လိုနေသေးတယ်လို့ တိုနီအဘတ်က ပြောပါတယ်။ အီရတ်နိုင်ငံက အိုင်အက်စ် အကြမ်းဖက်တွေအပေါ် အမေရိကန်ဦးဆောင်တဲ့ လေကြောင်းစစ်ဆင်ရေးမှာ သြစတြေးလျနိုင်ငံက ပြီးခဲ့တဲ့နှစ်က ပူးပေါင်းပါဝင်နေတာပါ။ ဆီးရီးယားက အိုင်အက်စ် အကြမ်းဖက်တွေကို လေကြောင်းစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ကတော့ မကြာခင် သြစတြေးလျအစိုးရက ဆုံးဖြတ်မှာပါ။ ဒီအတောအတွင်းမှာပဲ သြစတြေးလျ ပြည်ထဲရေးဝန်ကြီးဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒုက္ခသည်အရေး တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ၀န်ကြီးချုပ် တိုနီအဘတ်က ပြောပါတယ်။ လတ်တလော ရွှေ့ပြောင်းဒုက္ခသည်တွေ အီးယူကို အလုံးအရင်းနဲ့ ၀င်ရောက်နေချိန်မှာ သြစတြေးလျ အစိုးရက အခုလို ကြေညာခဲ့တာပါ။ လွှတ်တော်အမတ်တွေကလည်း ဆီးရီးယား စစ်ဘေးဒုက္ခသည် ၂ သောင်းကို ချက်ချင်းလက်ငင်းခေါ်ယူဖို့ တိုက်တွန်းနေတာပါ။ အခုနှစ် ဇွန်လကုန်အထိ တနှစ်တာအတွင်း သြစတြေးလျက လက်ခံခဲ့တဲ့ ဒုက္ခသည် ၁၄၀၀၀ လောက်မှာ ၁ ချိုး ၁ ချိုးဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက ဒုက္ခသည်တွေ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ဒုက္ခသည်တွေကို တိုးပြီး လက်ခံသွားမှာဖြစ်ပြီး ၂၀၁၈-၁၉ ခုနှစ်မှာ ဒုက္ခသည် ၁၉၀၀၀ လောက် တိုးမြှင့်လက်ခံသွားဖို့ အစီအစဉ်ရှိတယ်လို့ သြစတြေးလျ အစိုးရက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up