၁၁ တန်းကျောင်းသား ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြ

ဓာတ်ပုံ - Today Photo
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ မိန့်ခွန်းပြောနေစဉ်မှာ ၁၁ တန်းကျောင်းသား တဦးက ဆန္ဒပြခဲ့ပါတယ်။ လူငယ်တွေအကျင့်ပျက်ခြစားတာကို တိုက်ဖျက်နိုင်ခြင်းမရှိတဲ့ ပြည်သူ့နီတီ ဘာသာရပ်ကို သင်ရိုးညွန်းတမ်းကနေ ပယ်ဖျက်ပေးဖို့ ခေါင်းစီးစာတန်းကိုင်ဆောင်ပြီးဆန္ဒပြခဲ့တာလို့ ထိုင်းဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။ အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနေ့အတွက် ပရာယွတ်က အစိုးရရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲမှု တိုးတက်မှုနဲ့ ပတ်သက်ပြီး ဆင်ထရာဝေါလ်မှာ စကားပြောနေစဉ်မှာ ဖြစ်ပွားခဲ့တာပါ။ ၀န်ကြီးချုပ်က မိန့်ခွန်းပြောအပြီး မေးစရာဘာရှိသလဲဆို့မေးရာမှာ ကျောင်းဝတ်စုံ ၀တ်ဆင်ထားတဲ့ ကလေးက ခေါင်းစီးစာတန်းကို ထောင်ပြခဲ့တာ ဖြစ်ပါတယ်။ “ပြည့်သူနီတီတွေကို ခေါင်းထဲမှာ ကျက်မှတ်ပြီး ထိုင်းကလေးတွေကို အကျင့်ပျက်မချစားဖို့ သင်ပေးနေမယ့်အစား လူကြီးတွေက သဘောတရားနဲ့ ကျင့်ဝတ်အတွက် ပါဝင်ဆောင်ရွက်သင့်ပါတယ်”လို့ ခေါင်းစီးစာတန်းက ရေးထားပါတယ်။ လုံခြုံရေး ၀န်ထမ်း ၂ ဦးက ဒီကျောင်းသားကို ခန်းမထဲကနေ ထွက်သွားဖို့ ခေါ်ယူခဲ့ပေမယ့် ငြင်းဆန်နေတဲ့ အတွက် ကျောင်းသားကို ထိန်းချုပ် ခေါ်ဆောင်သွားပါတယ်။ ပရာယွတ်ကတော့ ငယ်ရွယ်သေးတဲ့အတွက် ကလေးကို ကောင်းကောင်း စောင့်ရှောက်ဖို့ စင်ပေါ်ကနေ ပြောဆိုခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အခြေအနေက ပုံမှန် ပြန်ဖြစ်သွားခဲ့ပါတယ်။ ကျောင်းသားကိုတော့ ပသုဝမ် ရဲစခန်းမှာ မေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ကျောင်းသားလေးက ပရာယွတ်ကို အကြံပေးချင်တဲ့အကြောင်းနဲ့ သူရဲ့ စာက ဘယ်သူ တဦးတယောက်ကိုမှ တိုက်ခိုက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ရဲစခန်းကတော့ ကျောင်းသားကို စွဲဆိုခဲ့ခြင်းမရှိသလို မိဘတွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

More News
Up