Home
မြန်မာသတင်း
အင်ဒိုနီးရှားတွင် ထိန်းသိမ်းခံရသည့် မြန်မာငါးဖမ်းရေလုပ်သား ၁၀၇ ဦး ပြန်လည်ရောက်ရှိ
DVB
·
September 7, 2015
အင်ဒိုနီးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာငါးဖမ်းရေလုပ်သား ၁၀၇ ဦး ဟာ စက်တင်ဘာလ ၆ ရက်နေ့မနက်က လေယာဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။ သူတို့တွေကို မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့က ပြန်လည်ခေါ်ဆောင် လာတာဖြစ်ပြီး လူကုန်ကူးခံခဲ့ရတာရှိမရှိ စုံစမ်းမှုတွေ ပြုလုပ်သွားမယ်လို့ လူကုန်ကူးမှု တားဆီးရေးက ရဲမှုးကြီး ရဲဝင်းအောင်က ပြောပါတယ်။ ဒီငါးဖမ်းလုပ်သားတွေထဲက အများစုဟာ ထိုင်းနိုင်ငံ ငါးဖမ်းသင်္ဘောတွေမှာ အလုပ်လုပ်ရင်း အင်ဒိုနီးရှားရေပိုင်နက်ထဲကို ရောက်ရှိခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ တချို့ကတော့ ရေလုပ်ငန်း လုပ်ကိုင်ရင်း ကိုယ်လက်အဂါင်္ ထိခိုက်ခဲ့သူတွေရှိသလို ငွေရေးကြေးရေး အပြည့်အဝမရရှိသူတွေလည်း ရှိတယ်လို့ပြောပါတယ်။ ရေလုပ်သားတဦးဖြစ်တဲ့ ကိုစည်သူ က “၄ နှစ်နဲ့ ၈ လရှိတယ်၊ တလကို ၁ သောင်း၁ ထောင်ရမယ်ဆိုရင် သူဌေးဆီမှာ တပုံထားခဲ့၊ ကိုယ့်ဆီမှာ ကမ်းပေါ်မှာ သုံးဖို့ သီးသန့်ထားတယ်။ အိမ်ကို မပို့ဘူး၊ ပဲ့နှင်းတွေက ညှဉ်းပန်းနှိပ်စက်တာတွေတော့ မရှိဘူး။ တချို့လှေတွေမှာ ရှိရင်ရှိမယ်။ လှေချင်းမတူဘူး ကျနော်တို့ဖက်ကတော့ ကောင်းတယ်။ ဒါပေမယ့် ငါးမြှားရင်တော့ ပင်ပမ်းတာပေါ့ ည ၁၂ နာရီလောက်အထိလုပ်ရတယ်။” သူတို့တွေကို ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းမှာ ခေတ္တနေရာချထားပေးမှာဖြစ်ပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုရှိမရှိနဲ့ နစ်နာမှုတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ရှိတယ်လို့ ရဲမှူးကြီး ရဲဝင်းအောင်က ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)ကနေ မြန်မာ ငါးဖမ်းရေလုပ်သား ၃၆၄ ယောက်ကို မြန်မာနိုင်ငံကို ပြန်လည်စေလွှတ်ဖို့စီစဉ်ထားတဲ့ထဲက ပထမဦးဆုံးအနေနဲ့ ၁၀၇ ဦးကို စေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယအသုတ် ၉၆ ယောက်ကို တော့လာမယ့် ရက်ပိုင်းအတွင်းမှာ ထပ်မံပို့ဆောင်ဖို့ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024