လူ ၂ သောင်းကျော် စက်ဘီးစီးထွက်ခဲ့သည့် မော်စကိုမြို့တော်နေ့ (ရုပ်သံ)

2.8K
ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ မော်စကိုမြို့တော်နေ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၅ ရက်နေ့က စက်ဘီးသမား ၂ သောင်းဝန်းကျင်လောက်ဟာ လမ်းမကြီးတလျှောက် စက်ဘီးစီး ထွက်ခဲ့ကြပါတယ်။
ယာဉ်အသွားအလာများတဲ့ လမ်းမတလျှောက်မှာ စက်ဘီးသမားတွေ အခက်အခဲ မရှိအောင် ယာဉ်အသွားအလာတွေကို ပိတ်ခဲ့ရပါတယ်။
တချို့စက်ဘီးသမားတွေက ရောင်စုံမိုးပျံပူဖောင်းတွေကို ကိုင်ရင်း စက်ဘီးစီးကြတဲ့အတွက် လမ်းတလျှောက်မှာ ဆေးရောင်စုံ လွှမ်းသွားပါတယ်။
မြို့တော် မော်စကိုမှာ ယာဉ်ကြောပိတ်ဆို့တာကြောင့် အခုနောက်ပိုင်းမှာ မြို့ခံအတော်များများဟာ သွားလာရေး ပိုအဆင်ပြေ လွယ်ကူတဲ့ စက်ဘီးတွေကို ပြောင်းစီးလာကြပါတယ်။
မော်စကိုမြို့တော်နေ့ဟာ အားလပ်ရက်ဖြစ်ပြီး စက်ဘီးစီးတဲ့ လှုပ်ရှားမှုကလည်း လူတွေကြားမှာ လူမှုရေးအသိစိတ် နိုးကြားမှုကို ပြသရာ ရောက်တယ်လို့ လှုပ်ရှားမှုမှာ နှစ်စဉ်ပါဝင်သူတယောက်က ပြောပါတယ်။
တချို့က မိသားစုအလိုက် စက်ဘီးစီး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ကြပါတယ်။
ဆိုဗီယက်ခေတ် ကုန်စည်ပြပွဲနေရာကနေ မြို့လယ်အထိ ကီလိုမီတာ ၃၀ ခရီးကို စက်ဘီးစီးကြတာ ဖြစ်ပါတယ်။
မော်စကိုမှာ စက်ဘီးစီးတဲ့ အလေ့အထ ထွန်းကားလာတာနဲ့အမျှ စက်ဘီးစီးနိုင်အောင် အခြေခံ အဆောက်အအုံပိုင်းကလည်း မြှင့်တင်ထားပါတယ်။
၂၀၁၃ ခုနှစ်မှာ မော်စကိုကလည်း ပြင်သစ်နဲ့ လန်ဒန်ကို နမူနာယူပြီး မြို့လယ်မှာ စက်ဘီးငှားတဲ့ ဌာနတွေကို ဖွင့်ခဲ့ပါတယ်။
စက်ဘီးအငှားဌာန ၁၅၀ ကနေ မြို့တွင်းစီး စက်ဘီးအစီး ၂၅၀၀ ကို မြို့ခံတွေနဲ့ ဧည့်သည်ခရီးသွားတွေကို ငှားပေးနေပါတယ်။