A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြသည့် ဘန်ကောက်ပို့စ် အချပ်ပိုကို ပိတ်ပင်

မြန်မာပြည်မှာ ဒီလဆန်း​ပိုင်း​ကစတင်ပြီး​ တရား​ဝင်ဖြန့်​ချိခွင့်​ရရှိလာတဲ့​ နိုင်ငံခြား​ သတင်း​စာ ဘန်​ကောက်ပို့​စ်သတင်း​စာပါ SPECTRUM အပတ်စဉ်ထုတ် စာ​စောင်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် နဲ့​​ပတ်သက်ပြီး​ ​ဖော်ပြလာတာတဲ့​အတွက် စာ​ပေစိစစ်​ရေး​က ပိတ်ပင်ကန့်​သတ်ခဲ့​ပါတယ်။ ဒီလ ၁၉ ရက်​နေ့​ထုတ် ဘန်​ကောက်ပို့​စ်သတင်း​စာက SPECTRUM အပတ်စဉ်ထုတ် စာ​စောင်မှာ ​ဖော်ပြပါရှိခဲ့​တဲ့​ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာ ဖိလ်သွန်တန် (Phil Thornton) ​ရေး​သား​ထား​တဲ့​ “သမိုင်း​တပတ်ပြန်လည်ခြင်း​” (History Repeating) လို့​ အမည်ရတဲ့​ဆောင်း​ပါး​ကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြုတာ​ကြောင့်​ အဲ့​ဒီစာ​စောင်ကို ပိတ်ပင်ကန့်​သတ်ခဲ့​တာလည်း​ဖြစ်ပါတယ်။ မဖြန့်​ချိခင် စာ​ပေစိစစ်​ရေး​မှာ တနာရီကြာ စစ်​ဆေး​မှုခံယူအပြီး​ ပြင်ပ​ဈေး​ကွက်မှာ အဲ့​ဒီစာ​စောင်ကို ထည့်​သွင်း​မဖြန့်​ချိဖို့​ စာ​ပေစိစစ်​ရေး​တာဝန်ရှိသူ​တွေက ပိတ်ပင်ကန့်​သတ်ခဲ့​တာ ဖြစ်ပါတယ်။ ဒီလို ပိတ်ပင်ကန့်​သတ်ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အဲ့​ဒီသတင်း​စာ​တွေကို တရား​ဝင်ဖြန့်​ချိခွင့်​ရထား​တဲ့​ Success International Publisher's Distributor ကုမ္ပဏီပိုင်ရှင် ကိုမျိုး​အောင်က အခုလို​ပြောပါတယ်။ “Spectrum တခုကို သူတို့​ခွင့်​မပြုဘူး​။ ဒီမှာမူက​တော့​ သူတို့​ခွင့်​မပြုဘူး​ဆို​တော့​ သူတို့​အပ်လိုက်ရတာကို။ Spectrum တခုပါပဲ။ ကျန်တဲ့​ ဟာ​တွေ​တော့​ ထုတ်​ပေး​လိုက်ပါတယ်။ ကျ​နော်တို့​ နိုင်ငံခြား​သတင်း​စာ စာ​စောင်​တွေ ဘယ်လိုပဲ သွင်း​လာသွင်း​လာ ကျ​နော်တို့​က စာ​ပေစိစစ်​ရေး​နဲ့​ မှတ်ပုံတင်ဌာနခွဲ အကူမရှိဘဲနဲ့​ အပြင်မှာ distribute (ဖြန့်​ဖြူး​ရောင်း​ချခွင့်​) လုပ်လို့​မရဘူး​။” ဒီဖြုတ်ပယ်ခံလိုက်ရတဲ့​ “သမိုင်း​တပတ်ပြန်လည်​ခြင်း​” (History Repeating) အမည်ရတဲ့​ ​ဆောင်း​ပါး​ထဲမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ မကြာခင်မှာ စတင်​တော့​မယ့်​ ရန်ကုန်ပြင်ပခရီး​စဉ်​တွေနဲ့​ပတ်သက်ပြီး​ ၂၀၀၃ ခုနှစ်ကကြုံ​တွေ့​ခဲ့​ရတဲ့​ ဒီပဲယင်း​ခရီး​စဉ်လို အသက်အန္တရာယ်ကို စိုး​ရိမ်ရဖွယ် ရှိမလား​လို့​ ​မေး​ခွန်း​ထုတ် ​ရေး​သား​တာတာလည်း​ ဖြစ်ပါတယ်။ ဒါ့​အပြင် ဒီပဲယင်း​ အကြမ်း​ဖက်မှု သတင်း​ဓာတ်ပုံ​တွေနဲ့​ စာမျက်နှာ ​လေး​မျက်နှာအပြင် ​ဒေါ်​အောင်ဆန်း​စုကြည်ပုံနဲ့​တကွ မျက်နှာဖုံး​ဆောင်း​ပါး​အဖြစ် ​ဖော်ပြပါရှိလာတဲ့​ ဒီ SPECTRUM အပတ်စဉ်ထုတ် စာ​စောင်​တွေကို ပြင်ပဖြန့်​ချိခွင့်​ကိုသာ စာ​ပေစိစစ်​ရေး​က ပိတ်ပင်ခဲ့​တာဖြစ်​ပေမယ့်​ အစိုး​ရ အဆင့်​မြင့်​လူကြီး​တွေ အစိုး​ရရုံး​တွေ၊​ သံရုံး​တွေနဲ့​ ကုလသမဂ္ဂအဖွဲ့​ အစည်း​ရုံး​တွေ ဖြန့်​ချိခွင့်​ရရှိတယ်လို့​လည်း​ ကိုမျိုး​အောင်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ထိုင်း​နိုင်ငံထုတ် ​နေ့​စဉ် အင်္ဂလိပ်သတင်း​စာ​တွေဖြစ်တဲ့​ ဘန်​ကောက်ပို့​စ်နဲ့​ ​နေး​ရှင်း​ သတင်း​စာ​တွေကို ဒီလဆန်း​ပိုင်း​က​နေ စတင်ပြီး​ တရား​ဝင် ဖြန့်​ချိခွင့်​ ​ပေး​ခဲ့​တာဖြစ်ပြီး​ မြန်မာ့​နိုင်ငံ​ရေး​နဲ့​ပတ်သက်ပြီး​ ​ရေး​သား​ဖော်ပြလာ​တွေကို​တော့​ စာ​ပေစိစစ်​ရေး​က အလား​တူ ဖြုတ်ပယ်ကန့်​သက်တာ​တွေ အရင်ကလည်း​ ပြုလုပ်ခဲ့​ဘူး​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up