A d v e r t i s e m e n t With Us

ကမ်းပြိုမှုကြောင့် ကြံခင်းမြို့နယ် ကျေးရွာအချို့ ရွှေ့ပြောင်း (ရုပ်သံ)

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ရေလယ်ကျွန်းအုပ်စုထဲက ကျေးရွာတချို့ဟာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုလို့ နေအိမ်ပြောင်းရွှေ့ရမှုတွေ ပိုများလာနေပါတယ်။ ဒီကျေးရွာတွေဟာ ဧရာဝတီမြစ်ရေတိုက်စားလို့ ကမ်းပြိုမှုကြောင့် ၄ ကြိမ်အထိ နေရာပြောင်းရွှေ့ခဲ့ရပြီး ဒီတကြိမ်ပြောင်းရွှေမှုနဲ့ဆို ၅ ကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်လောက်ကတည်းက စပြီးကမ်းပြိုတာကြောင့် စက်တင်ဘာ ၄ ရက်နေ့အထိ နေအိမ် ၂၁၁ အိမ်နေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ကြံခင်းမြို့နယ် တဲတန်းကျေးရွာနေ ဦးဝင်းမြင့်က ပြောပါတယ်။ ဒီရေလယ်ကျွန်း ကျေးရွာနေ ပြည်သူတွေက မြေနုကျွန်းမှာဘဲ စိုက်ပျိုးလုပ်ကိုင် စားသောက် နေကြရတာဖြစ်ပါတယ်။ အခုလို ကမ်းပြိုလို့ ပြောင်းရွှေ့ရတဲ့ နေအိမ်တွေကို အုပ်ချုပ်ရေး အာဏာပိုင်တွေက အမြန်ဆုံးပြန်ဆောက်နိုင်အောင် ကြိုးစားပေးနေတယ်လို့ ရေလယ်ကျွန်းအုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က ပြောပါတယ်။ ပြောင်းရွှေ့ရမယ့် နေအိမ် ၂၁၁ အိမ်မှာ ၁၇၄ လုံးအတွက်တော့ မြေနေရာ အလှူရှင်ရထားပေမယ့် ကျန်တဲ့ နေအိမ် ၃၇ လုံးအတွက်တော့ မြေနေရာ အလှူရှင်မရှိသေးဘူးလို့ အုပ်ချုပ်ရေးရဲ့ စာရင်းတွေအရ သိရပါတယ်။  ရေလယ်ကျွန်းကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၄ ရွာရှိပြီး အိမ်ခြေစုစုပေါင်း ၄၇၀ လောက်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up