Home
မြန်မာသတင်း
သူရဦးရွှေမန်း ကို ရာထူးကဖြုတ်ချမည့် ကိစ္စ တရုတ် ၃ ရက်ကြိုသိ
DVB
·
September 6, 2015
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ရာထူးကနေ သူရဦးရွှေမန်းကို ဖြုတ်ချမယ့် ကိစ္စကို တရုတ်အစိုးရတာဝန်ရှိသူတွေက ၃ ရက်ကြိုတင်သိရှိနေပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲအပြီး  မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ မဟာမိတ်က တိုင်းပြည်ကို ဦးဆောင်သွားမယ်လို့ ဘီဂျင်း ပေါ်လစ်ဗျူရို အများစုက ခန့်မှန်းထားပေမယ့် ဦးရွှေမန်းကို ရာထူးကနေ အနားပေးလိုက်တဲ့ သတင်းကြောင့် ထိတ်လန့်ကုန်တယ်လို့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွင်း အာဏာသိမ်းမှုမဖြစ်မီ တရုတ်ကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ် ၁၂-၁၃ ရက် ညသန်းခေါင်က နေပြည်တော်သူရဦးရွှေမန်းအိမ်ကို အစောင့်အကြပ်တွေက ၀ိုင်းထားပြီး လုံခြုံရေး တပ်ဖွဲ့တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်ကို စောင့်ကြပ်ခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့ ကိုယ်ရေးအရာရှိက ဇူလိုင်နှောင်းပိုင်းနဲ့ သြဂုတ်အစောပိုင်းမှာ သတင်းပေးခဲ့တာလို့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ဦးသန်းရွှေအတွက် သူရဦးရွှေမန်းဟာ သစ္စာဖောက်တဦးဖြစ်လာသလို မကြာခင်ထုတ်ပယ်တော့မှာလို့ သတင်းပေးခဲ့တယ်လို့ ပြောပါတယ်။ “၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးရင် သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က မဟာမိတ်လုပ်ပြီး တိုင်ပြည်ကို အုပ်ချုပ်သွားမယ်လို့ အများစုက မျှော်လင့်လက်ခံထားတဲ့ အတွက် ဘီဂျင်းက တော်တော်လေး အံ့သြပါတယ်” လို့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အများစုက ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မဟာမိတ်ကို ထောက်ခံထားပေမယ့် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ ပိုပြီးတော့ ခန့်မှန်းထားတာမျိုး ရှိနေတယ်လို့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ တခြားသတင်းရင်းမြစ်တခုက ပြောပါတယ်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အမျိုးသားလုံခြုံရေး အဖွဲ့နဲ့ စစ်တပ်က ထိပ်တန်းတာဝန်ရှိသူတွေကိုလည်း ဒီလိုဖြုတ်ချဖို့ သတင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ မိတ်ဖက်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ ဘီဂျင်းက ဘာတွေ ပြင်ဆင်မှုတွေ လုပ်ထားသလဲနဲ့ တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေက ဒီကိစ္စတွေအပေါ် လက်ရှိ အာဏာယူထားတဲ့သူတွေနဲ့ ဆွေးနွေးမှုတွေ ရှိနေသလား ဆိုတာကိုတော့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ တခြားသတင်းရင်းမြစ်က  ပြောဆိုဖို့ ငြင်းဆန်ပါတယ်။ ရွေးကောက်ပွဲအပြီး အကြီးစားအာဏာသိမ်းမှု မလုပ်ချင်လို့ အသေးစား အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွင်းက အာဏာလွန်ဆွဲမှုက တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အရှေ့တောင်အာရှအရေးကို လေ့လာနေတဲ့ ပါမောက္ခဟောင်ဝေဖန်က နိုဝင်ဘာ ရွေးကောက်ပွဲအပြီး တရုတ်ကမြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒကို ပြန်လည် ထိန်းညှိမှာ ဖြစ်ပြီး မစွက်ဖက်ရေး မူဝါဒကို သင့်တော်သလို ပြန်လည် ပြောင်းလဲနိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က တရုတ်ကို သွားရောက်ခဲ့ရာမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ် ၀န်ကြီးချုပ်တို့က ကြိုဆိုခဲ့ပါတယ်။ ဟောင်ကောင်အခြေစိုက် ဒီဗွီဘီ အလွတ်သတင်းထောက် Echo Hui
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024