သင်္ကန်းကျွန်း အထည်ချုပ်စက်ရုံ မီးလောင်
နော်နိုရင်း
·
June 20, 2011
ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက် အပိုင်း (၄) သုမင်္ဂလာလမ်းရှိ အထည်ချုပ်စက်ရုံမှာ ဒီနေ့မနက် ၈း၃၀ က မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် အထည်တွေ ၁၀ သိန်းကျော်ဖိုးလောက် ဆုံးရှုံးသွားပြီး မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့ခံက “အားလုံးပေါင်း အထည်တွေချည်းပဲ ၁၀ သိန်းကျော်ဖိုးလောက် ဆုံးရှုံးသွားပါတယ်။ အဲဒီအထည်ချုပ်စက်ရုံရဲ့ ဘေးမှာဆိုရင် ဆက်သွယ်ရေးရုံးရှိပါတယ်။ ဆက်သွယ်ရေးရုံးရဲ့ မျက်နှာချင်းဆိုင်မှာ မြို့နယ် စီးပွားရေးဘဏ်ကြီး ရှိပါတယ်။ အဲဒါနဲ့ မီးသတ်ကားတွေ တော်တော်ငြှိမ်းလို့ ငြိမ်းသွားပါတယ်။ တခုတည်းလောင်သွားတာပါ။ အထည်စက်ရုံကြီးက ဂိုဒေါင်ကြီးသဘောမျိုး ကြီးတဲ့အတွက် အထဲထဲမှာ လှိုက်ပြီး လောင်သွားတဲ့အတွက် မီးသတ်ကားတွေကလည်း များသွားတာနဲ့ တနာရီလောက်ပဲ ငြှိမ်းလိုက်တာ ငြိမ်းသွားပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုအတွင်း ထိခိုက်သေဆုံးမှုမရှိဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။
အခုလ ၁၆ ရက်နေ့တုန်းကလည်း မန္တလေးမြို့ ပြည်ကြီးမျက်ရှင်မြို့နယ် သိပ္ပံလမ်းရှိ ရွှေကမ္ဘာခေါင်ရည်ဆိုင်မှာ မီးလောင်ကျွမ်းပြီး အနီးရှိ ဆိုင်ခန်း ၁၀ ခန်းလောက် မီးလောင်ကျွမ်းခဲ့ပါတယ်။